Part 55(Unicode+Zawgyi)

101K 6.5K 1K
                                    

UNICODE

ချစ်သူရင်ငွေ့နဲ့ နွေးပြီး အိပ်ခဲ့တာတောင် ညလယ်ခေါင်ကြီး မနိုးစဖူး နိုးလာခဲ့တယ်။ အအိပ်စက်တဲ့ ကောင်လေး နိုးမှာစိုးလို့ သူ့ရင်ခွင်ကြားက အသာကလေးထ ရေအိမ်ဝင်ပြီး အခန်းထဲ ပြန်ရောက်တဲ့အထိ မောင့်ဗီဇလေးက တုတ်တုတ်မှ မလှုပ်။

အခါခါတိုင်း သူက ကျွန်တော့်ထက် အိပ်တာ နောက်ကျပြီး ထတာ စောတဲ့လူမို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ဇ ပုံစံလေးကို တစ်ခါတလေများ မြင်တွေ့ခွင့်ရရင် မှန်ဘောင် သွင်းထားချင်စရာ ကောင်းအောင် မြတ်နိုးရပါတယ်။ အခုလဲ ကိုယ့်အမျိုးသားကိုယ် ရပ်တန့်ငေးမောခြင်းမျိုးနဲ့ သူ့ဘေးက ကြမ်းပြင်ပေါ်ထိုင်ချ၊ ကုတင်ပေါ် မေးထောက်ပြီး တစိမ့်စိမ့် ငေးနေမိတာ အကြာကြီး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာပေါ့။ ကျွန်တော့် အချစ်ကလေး ဒီနေ့ ပင်ပန်းသွားတာကိုး။ နေ့လယ်က အကြောင်းပြန်တွေးမိတော့ ပြုံးရသေးတယ်။

ဇ အဖေ ဦးလက်ယာဆိုတာ တစ်နေရာတည်းမှာ မနေဘဲ ဥရောပတစ်ခွင် ပြဲပြဲစင်အောင် လှည့်လည်ပြီး နေထိုင်တတ်သူပါ။ ကပ္ပတိန်တစ်ယောက် ဖြစ်တဲ့ ဦးလက်ယာက တစ်နှစ်မှာ တစ်ကြိမ်သာ သင်္ဘောတက်ပြီး ကျန်တဲ့လတွေကို Luxemberg က အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတစ်ခုမှာ ရှယ်ယာဝင်ထားပါတယ်။

ဆွစ် (Switzerland)က တောင်တန်းကျေးရွာလေး တစ်ရွာမှာလဲ နွား၊ ဆိတ်၊ မြင်း၊ မြည်း စသဖြင့် မွေးမြူရေး ခြံအကြီးကြီးပိုင်တဲ့ သူငယ်ချင်းဆီမှာ ရှယ်ယာတစ်ဝက် ပါဝင်ထားပါသတဲ့။ ဒါကြောင့် ဘယ်လောက်ပဲ လှည့်လည်ပြီး နေထိုင်၊ နေထိုင် ဆွစ်က မွေးမြူရေးခြံကိုတော့ မကြာခဏ သွားတတ်ပါသတဲ့။

သားဖြစ်တဲ့ ဇက စက်ပစ္စည်းတွေကို ကိုင်တွယ်ရ၊ ကလိရတာ နှစ်သက်သူ တစ်ယောက်ဆိုရင် ဦးလက်ယာက တိရစ္ဆာန် မွေးမြူရတာ နှစ်သက်ပြီး တိရစ္ဆာန်တွေနဲ့ စကားပြောရတာ သဘောကျသူ တစ်ယောက်လို့ အဓိပ္ပါယ် ဖွင့်လို့ရပါတယ်။

ကျွန်တော်တို့ နယ်သာလန် စရောက်ကာစက ဦးလက်ယာ ချီးမြှင့်တဲ့ မင်္ဂလာဦးလက်စွပ်ကို ဆွစ်က မွေးမြူရေး ခြံအထိ သွားယူခဲ့ရတာ အမှတ်တရပါပဲ။ ပြေးပြေးလွှားလွှားနဲ့ပဲ ဆွစ်မှာ ဇနဲ့ကျွန်တော် ပျော်ခဲ့ရတဲ့ အချိန်တွေဟာ လွမ်းမောစရာ။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now