Part 54(Unicode+Zawgyi)

49.6K 4.9K 1K
                                    

UNICODE

အချိန်မနည်းတော့ဘူးဆိုပေမဲ့ အမ်စတာဒမ်ရဲ့ လမ်းတွေပေါ်မှာ လူတွေ သွားလာ၊ လှုပ်ရှား၊ စည်ကားနေတုန်း။ တချို့ဆိုင်တွေဆီက ရယ်သံချိုတွေ လမ်းမတန်းဆီ လွင့်ပျံလာတယ်။ အဝတ်လွတ်တဲ့နေရာတိုင်းကို စိမ့်ခဲသွားအောင် တိုးဝေ့လာတဲ့ ဆောင်းရဲ့အရသာကို ခံစားရင်း ခပ်သွက်သွက် နင်းလိုက်တော့ မကြာခင် ရယ်သံတွေနဲ့ စည်ကားနေတဲ့ ဘားတစ်ခုဆီ ရောက်လာတယ်။

စက်ဘီးအပ်ရမဲ့ နေရာမှာ သွားရပ်ပြီးတာနဲ့ ဝိတ်တာလေး တစ်ယောက်ကို အကူညီတောင်းလိုက်တော့ မွေးနေ့ပွဲ လုပ်နေတဲ့ နေရာဆီ လိုက်ပို့တယ်။ နောက်တစ်ကြိမ် ဖုန်းထပ်ခေါ်တဲ့အခါ ခုန အမျိုးသမီးလေးပဲ ထပ်ကိုင်ပါတယ်။ ကျွန်တော်ရောက်နေမှန်း သိတော့ အပြေးတပိုင်း ထွက်ကြိုတယ်။

"ဆောရီး"

ကျွန်တော့်ကို မြင်တာနဲ့ အရင်ဆုံး တောင်းပန်စကားတစ်ခွန်းနဲ့ ပျူငှာမှုကို ပြသတယ်။ အခုထိ သောက်စားပြီး ကခုန်နေကြသူတွေ ရှိသလို၊ မှောက်နေသူတွေ ဒုနဲ့ဒေး။ တချို့ ပလိန်းကြီး အော်ရယ်နေကြတာ ပျော်စရာ။ သူငယ်ချင်းတွေ ဆုံတဲ့ပွဲမို့ လွပ်လပ်ပေါ့ပါးနေမှုကို ခံစားလိုက်ရပါတယ်။ မသိပေမဲ့ လက်ဝေ့ယမ်းပြသူတချို့ကို ပြန်နှုတ်ဆက်မိရင်း ဒတ်ချ်မလေးနဲ့အတူ အထဲကို လိုက်ဝင်လာမိတယ်။

"ရောက်တည်းက မွေးနေ့ရှင်က ဖုန်းတွေ အကုန် တစ်နေရာတည်း စုပုံထားခိုင်းတာ၊ ရှင့်အမျိုးသား ဒါကြောင့် ဖုန်းမကိုင်နိုင်တာ"

ဘာကိုဆိုလိုချင်မှန်း သိတော့ ကျွန်တော် ပြုံးနေမိတယ်။

"လာသမျှ ဖုန်းအကုန်လုံး ကျွန်မပဲ ဒိုင်ခံဖြေနေရတာလေ၊ မမူးတာက ကျွန်မပဲ ရှိတာကိုး"

အပြုံးစစနဲ့ ရှင်းပြနေသမျှ...

"ရပါတယ်"

အပြုံးနဲ့ ပြန်ဖြေမိတယ်။

"အိမ်သားတွေဆီက ဖုန်းတွေ ဆက်တိုက်လက်ခံရပေမဲ့ အရင်ဆုံးရောက်လာတာ ရှင်ပဲ"

လှပြီး ပျူငှာတဲ့ ဒတ်ချ်မလေးနဲ့အတူ လျှောက်လာရင်း စားပွဲဝိုင်းလေး တစ်ခုဆီ ရောက်လာတယ်။ ပြီးတော့ သူမ လက်ညှိုးထိုးပြတာက ဇ ရှိရာနေရာ။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now