26 : Believe in you, my lord

4.5K 766 108
                                    

သောကတွေက ထယ်ယောင်းရဲ့ စိတ်အစုံကို တမြေ့မြေ့ လောင်မြိုက်နေသည်။ ဂျောင်ဂု ပြောင်းလဲသွားတဲ့ ပုံစံဟာ
သူ့ကို အလွန် အတွေးပွားစေ၏။ ဂျောင်ဂု၏ အချစ်ကို
သူအယုံကြည်ဆုံးဖြစ်သည်။ ရုတ်တရက် လဲကျသွားပြီ
သတိပြန်လည်လာတော့ အခြားတစ်ယောက်ပုံစံလုံးလုံး
ပြောင်းလဲသွားခြင်းရဲ့ နောက်ကွယ်မှာ ကျိန်းသေ အကြောင်းတစ်ခု ရှိမည်ဖြစ်ကြောင်း ထယ်ယောင်း ကောင်းကောင်း နားလည်သဘောပေါက်၏...။

သူကိုယ်တိုင်က သဘာဝလွန်ဖြစ်တည်မှု တစ်ခုဖြစ်သည့် အတွက် အခြားသော သဘာဝလွန် အကြောင်းအရာများ
ရှိနေသေးမည်မှန်း လက်ခံနိုင်သည်။ ဤသည်မှာ ဂျောင်ဂု၏
မူရင်းစိတ်အမှန်၊ အတွေးအခေါ်မှန် မဟုတ်ချေ။
သံသယအဖြစ်ဆုံး တရားခံကတော့ ဘတ်ယူရီပင်။
ဘယ်တုန်းကမှ ဂျောင်ဂုရဲ့ အသိအမှတ်ပြုမှုကို မခံရခဲ့သူက
ဒီလို ပြစ်မှုမျိုး ကျူးလွန်ဖို့ အဖြစ်နိုင်ဆုံးသူဖြစ်သည်။

ဂျောင်ဂု၏ အခြေအနေကို သေချာ အကဲခတ်ကြည့်ရန်
ဂျောင်ဂု နန်းဆောင်သို့ သွားရန် အကြောင်းပြချက် ရှာလိုက်သည်။ စွပ်ပြုတ်တစ်ခွက်ကို စားဖိုဆောင်၌ ကိုယ်တိုင် ချက်ပြုတ်နေရင်း မိမိကိုယ်ကို ရီမိသည်။ ဘယ်တုန်းကမှ
ဂျောင်ဂုအဆောင်ကိုသွားရောက်ရန် အကြောင်းပြချက်
မလိုအပ်ခဲ့သလို...၊ ဂျောင်ဂုကသာ သူ့အဆောင်၌ အချိန်ကုန် ခဲ့သည်က များသည်။

အနည်းဆုံးတော့ သူ့မှာ ဧကရီဆိုသည့် အာဏာ ရှိနေသေး၏။
များများစားစား မတွေးတောတော့ပဲ ဂျောင်ဂု အဆောင်သို့
ခြေဦးတည်လိုက်သည်။ ဒီတစ်ကြိမ်တော့ မောင်းမထုတ်လောက်ဘူး ထင်ပါရဲ့။ ဂျောင်ဂု မျက်နှာ တစ်ကမ္ဘာဖြစ်ခဲ့သူမို့.. လက်ရှိအခြေအနေက သူ့အတွက်
ခက်ခဲနေလွန်းသည်။ အမြဲလိုလို ရန်ဖြစ်နေတတ်တဲ့ ယု နဲ့ မွန်းလေးသည်လည်း တိတ်ဆိတ်လို့နေသည်။

ဂျောင်ဂု နန်းဆောင်ရှေ့ရောက်တော့ ပြန်ထွက်လာသည့် ဘတ်ယူရီနှင့် ထိပ်တိုက်တွေ့လေသည်။ သူမ၏ အပြင်အဆင်က ဧကရီထက်ပင် လွန်လွန်ကျူးကျူး ရတနာတွေကို ဝတ်ဆင်ထား၏။ ဧကရီတစ်ပါးထက် သာအောင် ပြင်ဆင် ဝတ်စားခွင့်မရှိသည်မှာ နန်းတော်၏
စည်းမျဉ်းပင်ဖြစ်သည်။ ထယ်ယောင်းက စည်းမျဉ်းတွေကို
ဂရုစိုက်လေ့ မရှိသူမို့ ဘာမှမပြောပေ။

Ultralegends Where stories live. Discover now