3 : She want to become Empress

11.1K 1.4K 149
                                    


အဆောင်ငယ်အတွင်း အပ်ကျသံပင် မကြားရလောက်အောင်
တိတ်ဆိတ်နေသည်။ အစေခံများဟာ တုတ်တုတ်မလှုပ်ရဲကြပေ။ ဒေါသထွက်နေသည့် သူတို့ရဲ့
သခင်မငယ်ဟာ... အနည်းငယ် အနှောင့်အယှက်ပြုမိသည်နှင့် သူတို့အပေါ် ဒေါသပုံချပေတော့မည်။ မကြာမီ သခင်မငယ်ဟာ
ကောက်ကာငင်ကာနဲ့ သခင်ကြီးရဲ့ အဆောင်ကို သွားလေတော့မှ သက်သာရာရကာ မိမိတို့၏ တာဝန်များကို
စိတ်ဖြောင့်ဖြောင့်လုပ်နိုင်တော့သည်။

ဂန်ဆိုးဂျူ ဆိုသည့် မိန်းမပျိုဟာ
အတွင်းကြီးဂန်ဗြောင်ဆိုး၏ တစ်ဦးတည်းသော သမီးဖြစ်၏။
ယခင်မင်းကြီးလက်ထက်ကတည်းက ရာထူးမြဲလာသောကြောင့် ဧကရာဇ်ဂျွန်လက်ထက်တွင်လည်း
အာဏာဟာ လွှမ်းမိုးနေဆဲဖြစ်၏။ မျက်နှာတစ်ချက် မညိုးစေရအောင် အလိုလိုက်ထားတဲ့ သမီးငယ်ဟာ
ဆိုးသွမ်းသောစရိုက်ရှိသည့်အပြင် မနာလိုစိတ်အလွန်ကြီးသည်။

သူမထက် ပိုလှသော မိန်းမပျိုငယ်များဟာ သူမလက်ချက်ဖြင့်
အိမ်ထဲမှပင်မထွက်ရဲလောက်အောင် အရှက်ခွဲခံရလေ့ရှိသည်။
အစေခံများကိုလည်း အပြစ်မရှိ ရိုက်နှက်တတ်တာမို့...
သူမကို တစ်ခုခုကြောင့်သေဆုံးသွားရန် တိတ်တဆိတ်ဆုတောင်းနေကြသူ ပေါများလှသည်။
သို့သော် သူမတွင်ရှိသော ကိုယ်ပိုင်အလှက တဏှာစိတ်
ပြင်းထန်သည့်ယောက်ျားများကို အလွယ်တကူ
ဆွဲဆောင်နိုင်လေသည်။

ထို့ကြောင့် မြို့တော်တွင် အလှဆုံး မိန်းမပျိုအဖြစ်
အရွေးချယ်ခံခဲ့ရကာ ယုန်ဖြူသဖွယ်ကြင်နာတတ်သည့်
ဟန်ဆောင်လိမ်ညာမှုများက ပုရိသများ၏ နှလုံးကို ခြွေယူနိုင်ခဲ့လေသည်။ သူမ၏ လောဘများကို
အတောမသတ်နိုင်ဘဲ ဧကရာဇ်၏ မိဘုရားခေါင် တစ်နည်းအားဖြင့် ဧကရီတစ်ယောက် ဖြစ်လာဖို့ ပြင်းပြစွာ
ဆန္ဒ ရှိနေခဲ့သည်....။ ဖခင်၏ အာဏာက သူမကို ဧကရီသရဖူ ဆောင်းခွင့်ရရန် အခက်အခဲမရှိ ဆောင်ရွက်ပေးနိုင်သည်။ ဧကရာဇ်ဂျွန်ကို ဖိအားပေးနိုင်တဲ့
တစ်ဦးတည်းသော ဝန်ကြီးဟာ သူမ၏ ဖခင်သာဖြစ်သည်။

သို့သော် ရုတ်တရက် ပေါ်လာတဲ့
အချစ်တော် ကောင်လေးဆိုသည်က သူမအတွက် ဆူးတစ်ခု
တိုးလာခဲ့ပေသည်။ ထိုသတင်းကိုကြားကြားချင်း ဒေါသထွက်လွန်းစွာ နှုတ်ခမ်းများကို ပြတ်ထွက်မတတ်
ဖိကိုက်ထားခဲ့သည်။

Ultralegends Where stories live. Discover now