( ၁ )

37.4K 3.2K 84
                                    

<Unicode>

အခန်း ( ၁ ) - မက်သူ့စ်လာ

"နာမည်"

"ဂျွန်ဆန် လီ"

"အသက်"

"၄၃နှစ်"

အစောင့်က သူ့ရှေ့မှ ပိန်ပိန်ပါပါး မုတ်ဆိတ်မွှေးနှင့်လူကို ကြည့်ပြီးနောက် လက်ထဲက ID ကတ်ကို လက်ကိုင် scan စက်ထဲ ထည့်စစ်ရင်း မေးခွန်းဆက်မထုတ်တော့။ ကတ်ကို စစ်ဆေးနေစဥ်မို့ scan စက်၏ အလင်းလေးကား မှိတ်တုတ်မှိတ်တုတ် ဖြစ်လျက်ရှိနေ၏။

စကားစမြည်ဟူ၍ ပြောစရာမရှိ။ တိတ်ဆိတ်မှုတစ်ခုသာ။ ဤလူနှစ်ယောက်ကား စစ်ဆေးရေးဂိတ်တစ်ခု၏ အလင်းတိုင်အောက် ရပ်နေကြခြင်း ဖြစ်၏။ အဝေးတစ်နေရာမှ အမှောင်ထဲတွင်တော့ အိမ်ပုံသဏ္ဍာန်တွေကို လှမ်းမြင်နိုင်သည်။ မြေမြင့်ပုံစံကို ကြည့်ခြင်းအားဖြင့် အလေရှာ၏ ဗီလာအိမ်ယာပိုင်း ဖြစ်ပုံရသည်။

လော့ကျိုးကျိုး၏ နှလုံးသားမှာ ရင်ထဲက ခုန်ထွက်မတတ် ကဆုန်ပေါက်လျက်ရှိနေ၏။ အမူအရာကတော့ တစ်ချက်မပြောင်း။ ပြောင်းလည်း သိသာမည်မဟုတ်၊ မျက်နှာပေါ်မှ မုတ်ဆိတ်မွှေးတွေက အုပ်ကာထားသည်လေ။

"ဂျွန်ဆန်လီ ဘေးရာ့ဒ်နယ်မြေကို သွားချင်တာ ဟုတ်သလား" အစောင့်၏ ပင်ပန်းသော်လည်း အလုပ်သဘောအရ မေးနေရသည့် သွင်ပြင်ကို ကြည့်ကာ လော့ကျိုးကျိုး အားတက်သွားသည်။

အချိန်က ညသန်းခေါင်ခန့်ရှိနေပြီမို့ အစောင့်လည်း တာဝန်မှ မြန်မြန်နားချင်နေလောက်မှာပင်။ သိပ်ကြပ်မှာ မဟုတ်၍ နောက်ထပ်သာမန်မေးခွန်း အနည်းငယ်မေးပြီးလျှင် သူ့ကို pass ပေးလိုက်နိုင်သည်။

"ဟုတ်ကဲ့ ဘေးရာ့ဒ်ထဲက ကျွန်တော့် အဒေါ် ရုတ်တရက် နေမကောင်းထဖြစ်လို့ သွားစောင့်ရှောက်ပေးမလို့" လော့ကျိုးကျိုးက ကြိုစဥ်းစားထားခဲ့သည့်အတိုင်း ရွတ်ချသည်။ စိတ်လှုပ်ရှားနေ၍ အသံတောင် တုန်ခါနေ၏။ အစောင့်ကတော့ ဝမ်းနည်းနေသဖြင့်ဟု မှတ်ယူကာ အာရုံမထား။

ဘေးရာ့ဒ်နယ်မြေသည် ယခုလော့ကျိုးကျိုးရောက်ရှိနေရာ အလေရှာနယ်မြေနဲ့ မတူ။ ဘေးရာ့ဒ်သည် အရပ်သားနယ်မြေ ဖြစ်ကာ အိမ်တွေမှာလည်း ပျားအုံအလား ပြုံတိုးနေသည်ဟု ဆိုကြသည်။ ဗီလာအဆောက်အဦးများ၊ ဥယျာဥ်များသာရှိသော အလေရှာနဲ့ လွန်စွာကွဲပြားသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now