Next update will be on Saturday instead of Friday!
____
< Unicode >
အခန်း ( ၃၅ ) - သူ့ကို ခွင့်လွှတ်လိုက်မယ်
လော့ကျိုးကျိုးက အလုပ်မဆင်းခင် ရှောင်ယွီနှင့် နောက်တစ်ခေါက် သွားတွေ့လိုက်လေသည်။
သူ နေ့တိုင်း ရှောင်ယွီကို စကားပြောဖြစ်ကာ သူမက နားဆင်ရှာသည်။ သူ ပြောဖြစ်သော အကြောင်းအရာများမှာ ရောက်တတ်ရာရာ ဖြစ်သည်။ ပြတင်းပေါက် အပြင်ဘက်တွင် ငှက်နှစ်ကောင် နေ့တိုင်း ရန်ဖြစ်နေရခြင်းမှာ ချီဖန်းဆီမှ အတုမြင်အတတ်သင်ထားကြောင်း၊ ယနေ့ နေ့လည်စာမှာ သိပ်စားမကောင်းကြောင်း၊ မှိုစွပ်ပြုတ်ကမူ စားရတာ အဆင်ပြေကြောင်း၊ လော့ပေမှာ သူ့ဟာနှင့်သူ စိတ်မကြည်၍ သူ့ကို သိပ်မနှောင့်ယှက်နိုင်ကြောင်း၊ သို့ဖြစ်ရာ ထိုတာဝန်ကို လွှဲပြောင်းယူထားသူမှာ ချီဖန်းဖြစ်ကြောင်း စသဖြင့် စုံစိနေအောင် ပြောဖြစ်သည်။
သူ ဘာပဲပြောပါစေ၊ ရှောင်ယွီသည် စိတ်ဝင်တစားဖြင့် နားထောင်လေ့ရှိကာ နှစ်ယောက်သား အရမ်းတည့်ကြချေသည်။
လော့ကျိုးကျိုးသည် ဤမျှ နားထောင်ကောင်းသူမျိုးအား မတွေ့ဖူးလေရာ ပြောစရာ ကုန်ခမ်းလုနီးပါး ဖြစ်သွားရပေသည်။
"ငါတို့ အခု သူငယ်ချင်းတွေဖြစ်နေပြီမလား" လော့ကျိုးကျိုးက ထပ်မေးသည်။
ဤကမ္ဘာသို့ ကူးပြောင်းလာခြင်းတွင် အကောင်းဆုံးအရာမှာ ချူဖုန်းနှင့် သိကျွမ်းရခြင်းအပြင် ရှောင်ယွီလို သူငယ်ချင်းမျိုး ရလိုက်ခြင်းပဲ ဖြစ်ပါ၏။
ရှောင်ယွီက ခိုင်ခိုင်မာမာပင် ခေါင်းညိတ်ပြသည် "ငါတို့က သူငယ်ချင်းကောင်းတွေ"
လော့ကျိုးကျိုးက သူမ၏ ယုံကြည်မှုအပြည့်ဖြင့် မျက်လုံးများကို စိုက်ကြည့်ရင်း ပြောသည် "ရှောင်ယွီ ငါ မင်းကို တစ်ခုပြောပြမယ်"
သူ၏ လေးနက်သော အသံကို ကြားရာ ရှောင်ယွီလည်း တည်ကြည်သွားလျက် ပြောသည် "ငါ ဘယ်သူ့မှ မပြောပြဘူး" ပြောရင်းမှ ညာလက်ကို မနည်းအားယူထောင်ကာ ကျိန်ဆိုလေသည်။
YOU ARE READING
ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗
Science Fictionဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy (秃子小贰) Translation Status - Completed Cover Photo is not mine. I only edited. ( Readable in Both Zawgyi and Unicode )
