Chapter-4

45.4K 4.3K 71
                                    

Unicode

ရုတ်ချည်းပြောင်းလဲသွားမှု

မနက်မိုးသောက်အလင်းသည်
ဖျော့တော့သေးသော်လည်း  နွေးနွေးထွေးထွေးရှိကာ၊
ရပ်ကွက် ကလည်းတော်လေးတိတ်တိတ်ဆိတ်ဆိတ် ဖြစ်သည်မို့ မနက်ခင်းဟာ အနှောက်ယှက်မဲ့လှသည်။

ပြတင်းတံခါးက တဆင့်တိုးဝှေ့လာသော
လေပြေညှင်းက အမွှေးနံ့သာတိုင်ရနံ့များ
သယ်ယူဆောင်လာတာကြောင့်
မေမေ ဘုရားခန်းမှာ ရောက်နေပြီဆိုတာ
လှိုင်းဆက်သိလိုက်ရသည်။

အချိန်အားဖြင့် ၇ နာရီ။
မကြာမီ မေမေ ဘုရားကန်တော့ပြီးသည်နှင့်
မနက်စာစားဖို့ သူ့ကိုခေါ်လိမ့်မည်။
ကိုယ်တိုင်လာခေါ်တာလည်း ဖြစ်နိုင်သလို
တစ်ယောက်‌ယောက်နှင့် အခေါ်လွှတ်တာမျိုး
လည်းဖြစ်နိုင်သည်။ ထိုကိစ္စတွေကို
လှိုင်းဆက် သေချာပင်မမှတ်မိနိုင်။
သူအိမ်နဲ့ ကင်းကွာနေတာ တော်တော်ကြာပြီမို့ ကိုယ့်အိမ်ကဲသို့ ခံစားချက်မျိုးနှင့်
သိပ်ရင်းနှီးမနေတော့ပေ။

လှိုင်းဆက် ကိုက ဒီလိုပါပဲ။
သူက သူ့အတွက် အတည်တကျ နေထိုင်စရာနေရာအကြောင်း မစဉ်းစားမိခဲ့ပါ။
အစိုးရဝန်ထမ်းဖြစ်ခဲ့တဲ့တစ်လျှောက်
နယ်ပေါင်းစုံသွားလာခဲ့ရပြီး နေရာတိုင်းမှာ
သူကဧည့်သည်တစ်ယောက်သာ ဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်တချို့ကြာခဲ့ပြီဖြစ်သည်။
မိတ်ဆွေပေါင်းများစွာနဲ့ တွေ့ဆုံရင်း
သူကဖြစ်စေ ထိုသူများကဖြစ်စေ
ဝေးကွာကြဖို့ နှုတ်ဆက်ရသည်ချည်းသာ။
အမြဲတမ်းအတွက် သူ့အနားက
သူငယ်ချင်း မိတ်ဆွေသည်ကား
ရှားပါးလွန်းလှပါသည်။

ဒေါက် ဒေါက်*
အတွေးကြောထဲ ဖြတ်ဝင်လာသော
တံခါး‌ခေါက်သံ သဲ့သဲ့။
လှိုင်းဆက်က ‌စောစောကတည်းက
ကြိုပြင်ဆင်ထားတာမို့ ပုဆိုးထဲထည့်ကာ
ဝတ်ထားသည့် အဖြူရောင် ချည်သားလက်တို ရှပ်အင်္ကျီလေးကို သပ်ရပ်အောင်
ဆွဲ့ဆန့်လိုက်ရင်း ကျွန်းတံခါးဆီ ညင်သာစွာ
လျှောက်လာခဲ့လိုက်သည်။ သူ့ပုံစံက  မသိလျှင် ကြမ်းခင်းရှိ နီညိုရောင် ကတ္တီပါ
ကောဇောတို့ကသူ့ခြေလှမ်းများကြောင့် ပျက်စီးနိုင်သည့်နှယ်။ သူနှင့်မဆိုင်သော လမ်းပေါ်တွင်လျှောက်နေရပါသည့်နှယ် ရဲရဲဝင့်ဝင့် သိပ်မရှိခဲ့ပါ‌ချေ။

ငြိမ့် (COMPLETED)Where stories live. Discover now