Chapter-18

30.3K 3.2K 191
                                    

Unicode

ရင်ထဲဝင်လာပြီဖြစ်သော ငြိမ့်တည် ၃

"ငြိမ့်တည် ဖြေးဖြေးသွားလေ ချော်လဲမယ်"

သတိပေးသံဟာ ကျင့်သားရနေတဲ့
အရာတစ်ခုလိုဖြစ်လာပြီးပေမဲ့ စိတ်ထဲက
ထိတ်ခနဲ ဖြစ်သွားမှုတွေကတော့ ဘယ်တော့မှ အသားကျနိုင်မည်မထင်။

ငြိမ့်တည်က ခြေလှမ်းတို့ကို နှေးစေလိုက်ပြီး
ခေါင်းလေးစောင်းလျက် နောက်ကိုပြန်ကြည့်လို့လာသည်။ သွားတန်း ဖြူဖြူလေးတွေစေ့ကာ ရယ်ပြနေတာက သူ့အပြစ်သူ သိနေသည့် ကလေးပေါက်စလေးတစ်ယောက်
သဖွယ်ဖြစ်နေပြန်တော့ လှိုင်းဆက်ရဲ့ စိုးရိမ်
သော မျက်နှာအမူရာတို့က ပြုံးယောင်သန်းလို့ သွားရတော့သည်။

ဟိုဟို ဒီဒီသွားလာနေကြသောသူများ၊
အနီဝတ် အပြာဝတ်သူနာပြုများ၊
ဂျူတီကုတ်နှင့် ဆရာဝန်များ။ တန်းစီထိုင်နေကြသော အရွယ်ကောင်းသည့် လူငယ်များဖြင့် ဒီနေရာကတော့ သွေးလှူသည့်နေရာပင်။

လှိုင်းဆက်က ခပ်လှမ်းလှမ်းက လူငယ်အုပ်စုကြား ဝင်တိုးလို့ နာမည်စာရင်းပေးနေသည့်
ကောင်လေးဆီဦးတည်ကာ ကောင်လေး နောက်မှာ ဝင်ရပ်လိုက်တော့ နှစ်ယောက်စာ
နာမည်ပေးထားမှာမို့ ခုံမှာထိုင်စောင့်ဖို့
ပြောတဲ့ကောင်လေး။ အတူတူစောင့်မည့်အကြောင်း ပြောတော့လည်း မငြင်းဆန်။
ခေါင်းလေး ငြိမ့်လျက် လက်ခံတဲ့အခါ
လှိုင်းဆက်ရင်ထဲ နူးညံ့လို့သွားရသည်။

ဆံပင်တိုစိတ်စိတ်လေးတွေရဲ့ အဖျားချွန်လေးတွေက ညိုညက်ညက် အသားရေပေါ်
ဖြာကျလျက်ရှိပြီး မွှေးညင်းနုနုလေးများက
လည်ကုတ်သားတစ်လျှောက် ရွှေရောင်
သန်းလို့နေသည်။ နောက်ကတစ်ဆင့်
အုပ်မိုးလို့မြင်ရတဲ့ ငြိမ့်တည်ရဲ့ နားရွက်
ချွန်ချွန်လေးတွေက ကားထွက်လို့နေပြီး
နားထင်စွန်းလေးက မှဲ့နက်လေးကလည်း
ထင်းလို့။

ပါးပြင်ထက်က ဝက်ခြံတွေကတော့ ခုတလော တော်တော်သက်သာလို့လာသည်မို့ အရင်လို သနပ်ခါးအထူကြီးမပုံတော့။
သနပ်ခါး ပါးပါးလေးပါပေမဲ့ ‌အနီးကပ်ကြည့်မှ သနပ်ခါးမှုန်လေးတွေကို မြင်ရမည် ဖြစ်သည်။ ကြည့်ရတာ လှိုင်းဆက် ဝယ်ပေးထားတဲ့ မျက်နှာသစ်ဆေးရယ်၊ ဝက်ခြံပျောက်ဆေးရယ်နှင့် ကိုက်သည်ထင်၏။
ပိုက်ဆံအပ်ပေမဲ့ ဈေးဖိုးနဲ့ အိမ်ဖို့လိုတာက
လွဲရင် ဘာမှမသုံးတဲ့ ကိုစုဆောင်းကို
လှိုင်းဆက်က ဒါမျိုးတွေလည်း ဝယ်ပေးရသေးသည်။

ငြိမ့် (COMPLETED)Where stories live. Discover now