Special Chapter

33.3K 2.4K 84
                                    

Unicode

သီးသန့်အချပ်ပို

"စုစုရေ သားအမိနှစ်ယောက် ပြင်ပြီးကြပြီလား"
နွေးထွေးသောအသံဩဩနှင့် အမျိုးသားကြီး။

ညိုသောအသားအရည်နှင့် ထင်ရှားသောမျက်ဝန်းဝိုင်းတွေရှိကာ အရပ်ကလည်းအတော်လေးရှည်သည်။ သူ့ရဲ့ရုံးဦးထုပ်ကို တံခါးပေါက်ဘေးနံရံတွင်စိုက်ထားသော သံချောင်းကလေးဆီချိတ်လိုက်ကာ အထဲဝင်လာတော့ ခပ်စူးစူးအသံလေးနှင့်အတူ အနားရောက်လာသည့်ကလေးလေး။

"ဖေဖေ သားပြီးသွားပြီ"
ပေါင်ကနေ ကုတ်ကပ်တွယ်တက်နေသည့် ကလေးလေးကို ချိုင်းကနေချီမလို့ သနပ်ခါး‌တွေပုံနေသည် ပါးနှစ်ဖက်အား နင့်နေအောင်နမ်းပစ်လိုက်သည်။နားထင်အစပ်မှာလဲ မှဲ့ကလေးကထင်းလို့။ကလေးက တခစ်ခစ်ရယ်ရင်း သူ့လက်သေးသေးလေးတွေဖြင့်တွန်းထိုးရှာ၏။

"အစ်ကို့သားက ပုဆိုးဝတ်မယ်ဆိုလို့လေ။ မနေ့ညတုန်းကတော့ ဘောင်းဘီပဲ ဝတ်မယ်ဆိုပြီး"

ဆံကျစ်လုံးတုတ်ကြီးကို ပုခုံးကနေရှေ့ချထားသည့် အမျိုးသမီး။ သူမရဲ့ချိုသာသောမျက်နှာထက်တွင် အလိုမကျဟန်လေးတွေလုပ်ရင်း သားဖြစ်သူရဲအင်္ကျီကို ပြန်ဆွဲချပေးနေသည်။ ကလေးက ဖအေပေါ်ကနေ တခစ်ခစ်အရယ်မပြတ်။ လူနောက်ကလေးက မအေကိုနောက်ရတာသဘောတွေ့နေပုံရသည်။

"အစ်ကိုတို့ ဘုန်းကြီးကျောင်းအရင်သွားမယ်။ အပြန်ကျမှ တစ်နေရာရာဝင်လည်တာပေါ့"

"ဒါဖြင့် စုစုမိန်းချချေဦးမယ်"

"ဟုတ်ပြီ ..ဖေ့‌သားက ဖေဖေနဲ့ တံခါးတွေလိုက်စစ်ရအောင်"

နီညိုရောင်ပုဆိုးအကွက်ကလေးကို ခါးပတ်ဖြင့်ပတ်ထားသည့် သား‌ကိုပွေ့ချီကာ ပေအနည်းငယ်သာကျယ်သည့်တိုက်ခန်းကလေးကို လှည့်ပတ်စစ်လိုက်သည်။ တစ်အိမ်လုံးပေါင်းလို့ ပြတင်းပေါက်ငါးပေါက်မပြည့်။ဝန်ထမ်းအိမ်လေးက ကျဉ်းပေမဲ့ သူတို့အတွက်တော့နွေးထွေးပါသည်။နေရာကျဉ်း‌တော့ အချစ်တွေနှင့် ပြည့်နေတာဖြစ်ပါလိမ့်ည်။

............

ရွှေရောင် စူပါကတ်ဆိုင်ကယ်အိုလေး။
သားကို သူ့ရှေ့မှာနေရာချလို့၊နောက်မှာတော့ သူမြတ်နိုးရတဲ့အမျိုးသမီးလေးက သူ့ခါးကိုယုံယုံကြည်ကြည်ဖက်တွယ်ထားသည်။သားခေါင်းလုံးလုံးလေးက သူ့မေးစေ့နားမှာလှုပ်တုပ်တုပ်လေး။ သင်းပျံ့သောအုန်းဆီနံ့ကလေးက သူ့ဆီကရောသားဆီကပါ လုံးထွေးထွက်လာတာဖြစ်သည်။

ငြိမ့် (COMPLETED)Where stories live. Discover now