Chapter-36

29.2K 2.9K 45
                                    

Unicode

ချစ်မိပြီးနောက် နေ့ရက်များ ၁၃

(အထူးတလည် ရောက်လာသည့် ဧည့်သည်)

"ကိုလှိုင်းဆက်.. ကိုလှိုင်းဆက် ထတော့ဗျ"

အသံနှင့်အတူ လက်မောင်းတစ်ဖက်ဟာ
အင့်ခနဲ အင့်ခနဲ ဆွဲလှုပ်ခံနေရတာကို ခံစားလိုက်မိ၏။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာမျိုး မဟုတ်ပေမဲ့ လူကနိုးတစ်ဝက် အိပ်တစ်ဝက်အခြေအနေမှာမို့ တန်းပြီး အာရုံမကပ်နိုင်။ မျက်စိတို့ကို အသာမှေးမှိတ်ထားရင်း ခေါင်းကိုကြည်အောင် အရင်လုပ်နေရသည်။

"အင်း..." လှိုင်းဆက် ခပ်တိုးတိုးညည်းညူ ပြီးနောက် အိပ်ရာပေါ်မှာ ခြေလက်ဆန့် လုပ်လိုက်သေး၏။ ငြိမ့်ရဲ့ အသံတိုးတိုးက သူ့အနားမှာ တဝဲလည်လည်။ စွဲနေပြီဖြစ်တဲ့ ငြိမ့်ကိုယ်အနံ့ကိုရတဲ့အခါ လူက နည်းနည်းတော့ အသိစိတ်ကပ်လို့လာခဲ့သည်။ စကားပြောသံ တချို့ကြားနေရပေမဲ့ ဘယ်ကလဲတော့ မသဲကွဲ။ ခပ်နီးနီးက ကြားနေရသလို ထင်နေမိသည်။

တကယ်တော့ မနက်စောစောထပြီး ဘုရားပန်းကပ် ၊ထမင်းချက်တဲ့ အလုပ်တွေ‌လုပ်ပြီးမှ ငြိမ့်အနားမှာ ပြန်ခွေအိပ်ပျော်သွားခဲ့တာ ဖြစ်၏။ ပိတ်ရက်မို့ ဘာမှလုပ်စရာ မရှိတဲ့အတူတူ အိပ်ဖို့ပဲတွေးလိုက်တဲ့ လှိုင်းဆက်က
ခုတလော ငြိမ့်အနားကနေ ဘယ်မှမခွာချင်။
အခုလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့
ကောင်လေးကို ထိုင်ကြည့်နေဖို့လုပ်ရင်းနဲ့
သူပါ အိပ်ပျော်သွားခဲ့တာဖြစ်သည်။

နိုးလာပြီးမှ ပြန်အိပ်လိုက်တာမို့ လူကဝိုးတို့ဝါးတားဖြစ်နေတော့သည်။ လှိုင်းဆက်က
သူ့ရှေ့မှာ ရပ်လို့လှုပ်နိုးနေသူကို ကြည့်ရင်း
ဝေဝေဝါးဝါး။ သူခဏလေးပဲ အိပ်ပျော်သွားတယ် ထင်ထားပေမဲ့ နေရောင်က သူတို့အခန်းကိုတောင် အတော်လေး လင်းထိန်နေစေခဲ့ပြီဖြစ်သည်။

"နိုးပြီလားဗျ...အိမ်မှာ အမေတို့ရောက်နေတယ်"
လှိုင်းဆက် ဦးနှောက်က ချက်ချင်းအလုပ်မလုပ်။ သူ့လက်မောင်းကို ကိုင်လို့ ရှင်းပြနေသည့် ငြိမ့်မျက်နှာကို ငေးစိုက်ကြည့်နေမိသည်။ သူ့အမေ ရောက်နေတာလား။ အမေက ဘာလို့ အိမ်ကိုရောက်...။

ငြိမ့် (COMPLETED)Where stories live. Discover now