Chapter-37

28.5K 2.8K 66
                                    

Unicode

ချစ်မိပြီးနောက် နေ့ရက်များ ၁၄

(ခွင့်လွှတ်ခြင်းနဲ့ ရှေ့ဆက်ကြမယ်)

ငြိမ့်တည်တစ်ယောက် ဒီညတော့
မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်လို့နေသည်။
တခြားမဟုတ် ၊ အမေလာလည်တုန်း ညဖက်
အပျင်းပြေစားရအောင် လက်ဖက်သုတ်ပေးနေရတာကြောင့်ပင်။ လက်ဖက်အညွန့်နှပ်က တစ်ပုံ၊ အစာစုံမွမွနှင့် ကြက်သွန်ဖြူကြော်ကို တစ်ပုံစီထည့်ထားပြီး ပုဇွန်ခြောက်တွေပါ ထည့်ထားပေးလိုက်သည်။

ကိုလှိုင်းဆက်ဖို့ ဝယ်ထားတတ်တာတွေ ရှိလို့သာဝောာ်သေးသည်။ မဟုတ်ရင် ငြိမ့်တည်တို့ ပျင်းပုံနဲ့ အိမ်မှာ ဘာမှရှိမှာမဟုတ်တော့။
ခုတော့ လက်ဖက်နှပ် နှင့် ရေနွေးကြမ်းအပြင် အချိုစားချင်ရင်စားဖို့ ပဲဓားလှီးမုန့်နှင့်
ကရေကရာလေး‌ပါ ချထားပေးနိုင်ခဲ့သည်။

ငြိမ့်တည် လက်ဖက် ဆီဆမ်းနေတုန်း ဘေးနား
လာရပ်တဲ့အရိပ်။ စောင်းငဲ့ကြည့်တော့
ကိုလှိုင်းဆက်က အနားမှာ ငြိမ့်တည်ကို ရပ်ကြည့်နေခဲ့၏။ လက်ထဲမှာလဲ ဆီမီးခွက်နှင့်။
မီးစလေးဟာ လေထဲမှာ ယိမ်းထိုးလို့နေသည်။

"မုန့်တွေအများကြီး လုပ်မနေပါနဲ့ ။
မေမေက ညဘက် သိပ်မစားပါဘူး ငြိမ့်ရယ်"

ကိုလှိုင်းဆက်က ဘေစင်အစွန်းမှာ ဆီမီးခွက်လေး တင်ထွန်းကာ ပြောလာခဲ့သည်။
ငြိမ့်တည်က ဇွန်းအသေးများကို လှန်လှောရှာနေရင်း ပြုံးလိုက်မိ၏။ ကိုလှိုင်းဆက်က သူတာဝန်များမှာ ပူပန်နေပုံရသည်။ တကယ်တော့ သီတင်းကျွတ်ကာလ အိမ်ကို လူကြီးသူမ လာတာကို ငြိမ့်တည်က ကျေးဇူးတောင်တင်ရအုန်းမည်။ အခါကြီးရက်ကြီး
ကန်တော့ရတာမို့ ကုသိုလ်ရသည် မဟုတ်ပါလား။

"ဒါလေး ပြီးရင်ပြီးပါပြီ။
အမေရော တီဗွီကြည့်နေတာလားဗျ။"

"ဝရန်တာမှာ ဆီမီးထွန်းထားလို့ စောင့်ကြည့်နေတယ်။ ကိုယ့်ကို နောက်ဖေးမှာပါ လာထွန်းခိုင်းလို့"

ပြောရင်းဆိုရင်း ကိုလှိုင်းဆက်က အနားရောက်လာသည်။ ငြိမ့်တည်ဘေးမှာရပ်ပြီး
ငြိမ့်တည် လုပ်တာကိုင်တာကို ကြည့်နေတာမို့ မော့ကြည့်မိတဲ့အခါ အပြုံးချိုတွေက လှမ်းလို့ကြိုသည်။ လတ်ဆတ်တဲ့ ကိုယ်သင်းနံ့ဟာ ငြိမ့်တည်ကို လွှမ်းခြုံလာခဲ့ပြီး ပေါ့ပေါ့ပါးပါး ဝတ်စားထားသည့် အိမ်နေရင်းအဝတ်ကတောင် ကိုလှိုင်းဆက်ကို ကြည့်ကောင်းစေခဲ့သည်။

ငြိမ့် (COMPLETED)Where stories live. Discover now