Chapter-22

30.9K 3.2K 85
                                    

Unicode

ငြိမ့်တည်၏ အတိတ်နှင့်ဝန်ခံမှု

ဟိုးအဝေးက ဆိုင်ကယ်သံ ကားသံ
သဲ့သဲ့ကလွဲလျှင် တိုက်ခန်းငယ်အတွင်း
တိတ်ဆိတ်လို့။ ညဉ့်မနက်သေးပေမဲ့
သူတို့အခန်းကတော့ အရင်လို တီဗွီသံနှင့်
ဆူညံမနေ။ စောစောစီးစီးချထားတဲ့ ခြင်ထောင်ထဲ နှစ်ယောက်သား မျက်နှာချင်း
ဆိုင်လို့ လှဲနေကြပြီး နှစ်ယောက်ကြားက
စကားသံ တီးတိုးသာ ရှိလို့နေ၏။

ငြိမ့်တည်နဲ့ လှိုင်းဆက်ကြားက အထင်လွဲမှု
တချို့ကို ဖြေရှင်းပြီးတဲ့နောက် မိနစ်အတော်ကြာ ရင်ခွင်ထဲဝင်တိုးလို့ ဖက်ထားတဲ့
ကောင်လေးက အခုတော့ သူ့အကြောင်းတွေ
ပြောပြချင်ပါသည်တဲ့။
ကြည့်နေကျ ကိုရီးယားဒရမ်မာကို လက်လွှတ်လို့ အိမ်တံခါးတွေ စောစောပိတ်ကာ နှစ်ယောက်သား အိပ်ရာဝင်ခဲ့ကြသည်။ အေးအေးဆေးဆေး ပြောကြမည်မို့
ခြင်ကိုက်သက်သာအောင် နေထားတာ အကောင်းဆုံးဖြစ်သည်လေ။

လှိုင်းဆက်က လက်တစ်ဖက်ကို ခေါင်းအောက်ထိုးလို့ ကျန်တစ်ဖက်က အိပ်ရာထက်
ချထားပြီး စကားပြောဖို့ အရှိန်ယူနေသည့်
ကောင်လေးကို ငေးနေမိသည်။ သူ့ခင်မျာ
အရင်နေ့တွေကို သနပ်ခါးတောင်မရှိ။
လှိုင်းဆက် မျက်နှာလိုက်ကြည့်နေရတာနှင့် သနပ်ခါး လိမ်းဖို့ မေ့သွားတာ ဖြစ်ပါလိမ့်မည်။

ဝိုင်းစက်နေသော မျက်ဝန်းအိမ်တွေထဲ
နက်မှောင်တဲ့ မျက်ဆံအိမ်ကလေး လှုပ်လီလှုပ်လဲ့။ အသက်ရှူသံတိုးတိုးလေးကိုလည်း
ခပ်လှမ်းလှမ်းကနေ ကြားနေရသည်။
ထင်ရှားတဲ့ မျက်ခုံးတန်းနှစ်ဖက်က ညိုစိမ့်သော မျက်နှာထက်မှာ ခန့်ညားမှုတို့ကို
ပံ့ပို့လို့ထားသည်။ လှိုင်းဆက်ရဲ့ မန္တလေးသား ချောချောလေး။

ကြည့်ရင်း ပြုံးမိတဲ့အခါ သွားဖြူဖြူလေးတွေ ပေါ်သည်အထိ ပြန်ပြုံးပြဖို့လည်း
ကောင်လေးက မမေ့။ ဆံပင် တိုစိပ်စိပ်
ကလေးတွေဆီ လက်လှမ်းချင်နေသော
စိတ်တို့ကို ချုပ်တီးကာ ငြိမ့်တည်၏
စကားကို စောင့်နေလိုက်ရသည်။
ငြိမ့်တည်နဲ့ ပက်သတ်ရင် အရာရာကို
စိတ်ဝင်စားသူမို့။

"တကယ်တော့.. ကျွန်တော်က ဂေးပါဗျ"

အံ့ဩမိသွားပေမဲ့ သိသိသာသာ မတုန့်ပြန်မိ။
တည်ငြိမ်စွာ ပြောပြချင်နေသော မျက်နှာကလေးကိုပဲ လှိုင်းဆက် ငေးနေမိသည်။
ခံယူချက်ကလေး သိလိုက်ရလို့ မပျော်ဘူးဆိုရင်တော့ ညာတာပေါ့လေ။ တူညီတဲ့ လိင်ခံယူချက် ရှိနေတာကြောင့် ငြိမ့်တည်က သူ့ကို
ငြင်းဆန်ခြင်း မပြုခဲ့လေသလား။

ငြိမ့် (COMPLETED)Where stories live. Discover now