Final Chapter

51.2K 3.2K 178
                                    

Unicode

တစ်သက်လုံးစာ အတွက်ဖြစ်သည်

မန္တလေးဆောင်းသည် လင်းခါနီးလေ အရိုးထဲထိ စိမ့်နေအောင် အေးလာတတ်လေဖြစ်သည်။ ဒါကြောင့်လဲ ဟိုးရှေးစာဆိုတွေက မန္တလေးဆောင်းရဲ့ အအေးဓာတ်လွန်ကဲပုံကို ကဗျာတစ်တန် စာတစ်တန် ဖွဲ့နွဲ့ခဲ့ကြတာဖြစ်လိမ့်မည်။

လှိုင်းဆက်သည် ရင်ခွင်ထဲ ထည့်ထားသည့် ကောင်လေးကို တင်းနေအောင်ဖက်ရင်း
အအေးဒဏ်ကို အံတုနေရသည်။ မကြာခင် နေထွက်လာရင် အချမ်းပြေသွားမည်ဆိုပေမဲ့ လောလောဆယ်တော့ နှစ်ယောက်လုံး စောင်ပုံထဲက မထွက်ချင်ကြသေး။ ငြိမ့်က
လှိုင်းဆက်ရဲ့ ရင်ဘတ်ကိုမှီထားပြီး မှိန်းနေရှာသည်။

မနေ့ညက အချစ်ပွဲတာရှည်သွားခဲ့တာမို့
ငြိမ့်က အတော်ပင်ပန်းသွားခဲ့သည်။
အတော်ကြာမှ အတူနေတာမို့ လှိုင်းဆက် သေချာကို ဂရုစိုက်ပေးနေရသည်။
အညောင်းအကိုက်မိမှာ အအေးပတ်မှာ
ပူရတာမို့ ညကတည်းက သူ့မှာ အရိပ်တကြည့်ကြည့်။ သန့်ရှင်းရေး လုပ်ပေးပြီးတော့
သက်တောင့်သက်သာအိပ်ဖို့နဲ့ ဆေးသောက်ဖို့လုပ်ပေးခဲ့ရသည်။ ဒါကြောင့် ဒီမနက်
ငြိမ့်သက်သာတာပင်။

တကယ်ဆို ဒီ‌နေ့ညနေဘက် ငြိမ့်မိဘတွေ
နှစ်လည်မို့ ငွေလှူသွားရမဲ့ ကိစ္စရှိတာကို
မနေ့ညက ဇာတ်လမ်းစမိသည့် လှိုင်းဆက်အမှားပါပဲ။ စည်းကမ်းတကျ ဆင်ဆင်ခြင်ခြင် ဖြစ်ခဲ့ကြတယ်ဆိုအုန်းတော့ ‌နောက်ဆက်တွဲ ငြိမ့်ပင်ပန်းမှာကို သူသတိထားမိခဲ့သင့်သည် မဟုတ်လား။
အသနားပိုလာတာမို့ မျက်နှာနားရောက်နေသည့် ခေါင်းလေးကို အနမ်းတွေ ခြွေချနေမိသည်။ ငြိမ့် နည်းနည်းဖြစ်ဖြစ် သက်သာနိုင်ဖို့ သူမျှော်လင့်မိပါရဲ့။

"အွန်း...."

"ကျွတ်ကျွတ်...အိပ်နော် ငြိမ့်လေး။ အစောကြီးရှိသေးတာ"
လက်တွေကို ဖွဖွအုပ်ကိုင်ထားရင်း
လှိုင်းဆက်ပြောလိုက်သည်။ ငြိမ့်က ခဏပြန်ငြိမ်သွားပေမဲ့ အိပ်တော့မပျော်နိုင်လောက်ဘူးထင်၏။ လှိုင်းဆက်လက်ချောင်းတွေကို
လာကိုင်ကြည့်ပြီး မှီတွဲလာခဲ့သည်။

"အဆင်ပြေရဲ့လား ကိုသျှမ်းကို ဆေးထိုးဖို့ခေါ်ရမလား.. အွန်"
နားထင်စက မှဲ့ကလေးကို အနမ်းချွေလို့
လှိုင်းဆက်မေးတဲ့အခါ ကောင်လေးက ခေါင်းခါရှာ၏။ ဒီတလောပိုင်း ငြိမ့်ရဲ့ ဝိတ်က အတော်ကျသွားတာမို့ ကိုယ်ခံအားနည်းမှာ လှိုင်းဆက်စိတ်ပူနေမိသည်။ ဒီကောင်လေးကို ထွေးရပိုက်ရတာ အရင်ကလို တနင့်တပိုးမရှိလှ။ ပေါ့ပေါ့ပါးပါးနှင့် ယိုင်ကျိုးသွားမှာကိုပင် စိုးရိမ်နေရသည်။

ငြိမ့် (COMPLETED)Where stories live. Discover now