Chapter-5

40K 4.3K 217
                                    

Unicode

ရိုးရှင်းသော မင်္ဂလာအခမ်းနား

ဇွန်းသံ ပန်းကန်သံတချို့နှင့်
ခပ်တိုးတိုး စကားပြောဆိုသံတို့ ပြည့်နေသော
အိမ်ကြီးဟာ အရင်နေ့များထက်
လူများလျက်ရှိသည်။
နီညိုရောင်သင်္ကန်းတို့ဖြင့် ကြည်ညိုဖွယ်
ရဟန်းတချို့သည်ကား မျက်လွှာချလျက်
မနက်ဆွမ်း ဘုန်းပေးနေကြပြီး
ဘေးနား၌မူ အပြာရောင် ပိုးပုဆိုးဆင်တူနှင့်
အမျိုးသားနှစ်ယောက်က ဝတ်ကြီးဝတ်ငယ်
ပြုရန် အသင့်ရှိနေကြသည်။

ငြင်သာသော ယပ်ခတ်မှုအောက်တွင်
ရဟန်းအပေါင်းတို့ကမူ အေးချမ်းလျက်။
ခြင်ယင်မနားရန် လုပ်ဆောင်နေသော်လည်း
တကယ်ကတော့ ဒီလိုမျိုး အမွှေးကြိုင်တို့ဖြင့် ပြင်ဆင်ထားသည့် အိမ်ခန်းထဲမှာ
ယင်တစ်ကောင်တောင် မရှိနိုင်ပါချေ။

တရားနာပြီးကြသော ဧည့်သည်များကမူ
ဘုန်းကြီးစားပွဲနှင့် ခပ်လှမ်းလှမ်းတွင်
နေရာယူကာ အရိုအသေပြုလျက်
ထိုင်နေကြရင်း မျက်လုံးများက
ဆင်တူဝတ်ထားကြသော အမျိုးသားနှစ်ဦးဆီ တဝဲလည်လည်ဖြစ်နေကြတော့သည်။

သူတို့ဟာ တိုးတိုး တိုးတိုး ပြောချင်ပါသည့်တိုင် နဂိုဂုဏ်ကို ထိန်းရသည်ကတစ်ကြောင်း၊
ကိုးကွယ်သော ဘုန်းကြီးရှေ့၌ မရိုမသေ
မပြုလိုသည်က တစ်ကြောင်း၊
အကြောင်းမညီညွတ်စွာဖြင့် နှုတ်ဆိတ်လျက်သာ နေနေကြရတော့သည်။

ချိုမြိန်သော အပြုံးဖြင့် စိတ်သက်သာရာ
‌ရနေ‌သူကတော့ ဘုန်းကြီးဝိုင်းအနီးတွင်
လက်အုပ်ချီရင်းထိုင်နေသော
အမျိုးသမီးကြီးပင်ဖြစ်သည်။
သူမက သူမရဲ့ဆံပင်တွေကို သေသပ်စွာ
ထုံးလို့ထားပြီး ဖြူစွတ်နေသော
ပုလဲ ဆံညှပ်ကို လှပစွာ ညှပ်တွယ်ထားသည်။

အဖြူရောင်ဇာဝမ်းဆက်ဟာ သူမ၏
ကိုယ်ပေါ်မှာ လှပလို့နေပြီး မိတ်ကပ်ပါးပါး
လိမ်းထားမှုကြောင့် နုပျိုမှုတို့က ပိုမို
သိသာလို့နေတော့သည်မှာ သူမဘေးရှိ
သမီးကြီးဖြစ်သူနှင့် ညီအမသဖွယ်။

ဟုတ်သည်။ သူမကတော့ ဒေါ်မိုးမိုးဌေးပင်။

နောက်ဆုံးတော့ သူမရဲ့သားကို
စိတ်ချရတဲ့နေရာဆီ ပို့နိုင်ပြီဟူသော
ပီတိဟာ သူမကို အေးချမ်းစေရုံသာမက
ရင်ထဲမှာ အမြဲထိန်းထားရသော
လေးလံမှုတို့အား လွှတ်ချလိုက်ရသလိုပင်။
ဘေးနားက သမီးကြီးကမူ ငြိမ်သက်စွာပဲ
မပြုံးမ‌ရယ်ရှိနေပေမဲ့ မိခင်ဖြစ်သူကို
ဘာမှ အတွန့်တက်နိုင်မည်မဟုတ်ပါ။

ငြိမ့် (COMPLETED)Where stories live. Discover now