Part - 6(Unicode)

121K 11.6K 2.1K
                                    

“ အဲ့ဒါဆို ဒေါက်တာကြိုက်တာရွေးပါ… အခု ဒေါက်တာ ကိုယ့်ဆီလာမှာလား… ကိုယ်က ဒေါက်တာ့ဆီ လာရမလား ”

ရှား စိတ်ဆိုးဆိုးနဲ့ ကားပေါ်တက်လိုက်လာသည်။ သတိုးရှန်ခိုက်ကိုလည်း တွေ့တာနဲ့ အရေခွံနွှာပစ်မယ်ဆိုပြီး စိတ်ထဲမှာ တေးထားလိုက်သည်။ ကားနောက်ခန်းထဲမှာ ထိုင်နေတဲ့ရှားကို ကားမောင်းနေတဲ့သူက နောက်ကြည့်မှန်ကနေ မကြာခဏလှမ်း,လှမ်းကြည့်နေသည်မို့ ရှား မျက်မှောင်ကြုံ့ပြီး ပြန်စိုက်ကြည့်ပေးလိုက်‌တော့ အကြည့်လွှဲသွားပြီး ထပ်ကြည့်မလာတော့။

ညအမှောင်ဘက်သန်းလာပြီးဖြစ်လို့ လမ်းမီးတိုင်များကလည်း ထိန်ထိန်လင်းလာသလို အလုပ်ပြန်သူများကလည်း နေရာအနှံ့မှာ ပျားပိတုန်းလေးများ လူးလားပျံသန်းနေကြသလိုပင် ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေကြသည်။ ရှား ကားမှန်အပြင်ဘက်က မြင်နေရတဲ့မြင်ကွင်းတွေကို ငေးကြည့်နေရင်း အတိတ်နေ့ရက်တစ်ချို့ကို ပြန်မြင်ယောင်လာမိသည်။

အရင်ကဒီလိုဆေးရုံက စောစောပြန်ရတဲ့နေ့တွေမှာ မ နဲ့ သူ နှစ်ယောက်တည်း ပျော်စရာအမှတ်တရတွေ အများကြီးဖြတ်သန်းခဲ့ဖူးသည်။ ဇိမ်ခံကားအကောင်းစားကြီး မစီးနိုင်ပေမယ့် တစ်ခါတစ်လေမှ အေးအေးဆေးဆေး တွေ့ခွင့်ရတဲ့ မ အတွက် အငှားကားတွေကလည်း အကောင်းဆုံးဖြစ်ခဲ့ဖူးသည်။ နာမည်ကြီးဟိုတယ်က စားသောက်ဆိုင်မဟုတ်ပေမယ့် မြို့ထဲကညဈေးတန်းတွေကလည်း အရသာအရှိဆုံး ဖြစ်ခဲ့ဖူးသည်။

သူ့လိုလူမှာ အချစ်ကလွဲပြီး ဘာမှမရှိကြောင်း ပြောမိတိုင်း မ ဘဝမှာ မောင့်ကိုအလိုအပ်ဆုံးပါလို့ ပြောခဲ့ဖူးသူကိုယ်တိုင်ကပဲ မောင်နဲ့ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောလာခဲ့ပြန်သည်။ လူတွေက သူ့ဘဝထဲကို သူ မဖိတ်ခေါ်ပဲ ဝင်လာပြီး သူတို့မလိုအပ်တော့တဲ့အခါကျ ထွက်သွားကြသည်။ အခုလည်း သတိုးရှန်ခိုက်ဆိုတဲ့ လူက သူ့ဘဝထဲကို မဖိတ်ခေါ်ပဲ အတင်းဝင်လာချင်နေပြန်သည်။ ခဲမှန်ဖူးတဲ့စာသူငယ်မို့ လူတွေကို သူ မယုံကြည်နိုင်တော့။ အချစ်ကိုလည်း ကြောက်လို့နေပြီ။

တွေးနေရင်းကနေပဲ ကားလမ်းကြောင်းက မနက်က သူလာခဲ့တဲ့လမ်းမဟုတ်ပဲ ဆေးရုံသွားတဲ့လမ်းကြောင်းဖြစ်နေသည်မို့ ရှား အရှေ့ကလူကို လှမ်းမေးလိုက်သည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now