Part - 28(Unicode)

85.6K 8K 1K
                                    

ကျွန်းပတ်လည်ကို တောင်တန်းတွေနဲ့ ကာရံထားတာကြောင့် ကျွန်းအလယ်ပိုင်းမှာရှိတဲ့ လွင်ပြင်ဒေသက ချိုင့်ဝှမ်းတစ်ခုလိုဖြစ်နေသည်။ network ပိုင်းရော မြေပြင်မှာပါ လုံခြုံရေးတင်းကြပ်မှု အမြင့်ဆုံးကျွန်းဖြစ်တာကြောင့် ဆန္ဒရှိရင် တော်ရုံလေကြောင်းထောက်လှမ်းရေးလောက်ကို ခြေရာဖျောက်ထားလို့ရသည်။

ခိုက်တို့ရဲ့ အရင်ဂိုဏ်းချုပ်က အခုလက်ရှိဝန်ကြီးချုပ်နဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီအနေအထားရှိခဲ့တာကြောင့် အနက်ရောင်လောကထဲမှာတော့ ခိုက်တို့ဂိုဏ်းကို ဘယ်သူကမှ အသာလွတ်ရန်မစရဲကြ။ ထိုနည်းတူစွာပင် ခိုက်တို့ကလည်း ဘယ်သူ့ကိုမှ အနိုင်ကျင့်ဗိုလ်ကျတာမျိုးမရှိပဲ ကိုယ့်လမ်းစဥ်နဲ့ကိုယ်သာ သီးသန့်နေထိုင်ခဲ့တဲ့ဂိုဏ်းတစ်ခုဖြစ်သည်။

ဆောင်းအကုန်နွေအကူးကာလမို့ အသီးတွေက အစေးခြစ်ဖို့ အကောင်းဆုံးအနေအထား ရောက်လို့လာပြီဖြစ်သည်။ ဒီလိုအချိန်ဆို ဂိုဏ်းထဲကလူတွေသာမက သူတို့ရဲ့အိမ်သားတွေလည်း အလုပ်များကြရသည်။ ဂိုဏ်းသားအများစုက ဒီကျွန်းမှာပဲ အခြေချနေထိုင်ကြသည်ကြောင့် ဒီနေရာက ခိုက်တို့ဂိုဏ်းအတွက် သီးသန့်ကမ္ဘာတစ်ခုလို ဖြစ်နေသည်။ မြို့တော်ကိုလည်း ဖြတ်လမ်းကနေသွားရင် တစ်ရက်ခရီးသာကြာသည်မို့ တစ်ခြားလူမှုရေးကိစ္စအဝဝအတွက်လည်း စိုးရိမ်ကြောင့်ကြဖြစ်နေစရာ မလိုပေ။

ခိုက် အိမ်တော်ပေါ်ကနေ မျက်စိတစ်ဆုံးမြင်နေရတဲ့ ပန်းခင်းကြီးကို လှမ်းကြည့်နေလိုက်သည်။ သူ့ရဲ့သရုပ်မှန်ကို ရှားသာသိသွားရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ မပြောတတ်ပေမယ့် ဒီစိုက်ခင်းကိုသာ ခေါ်လာပြရင်တော့ တစ်ရက်နီးပါးလောက် မယုံမကြည်ဖြစ်ပြီး ငိုင်နေမှာသေချာသည်။ သူ့ကိုလူကောင်းတစ်ယောက်မဟုတ်မှန်း ရိပ်မိနေပေမယ့် ဒီလောက်ဆိုးနေမယ်လို့ ထင်ထားမှာမဟုတ်တာ သေချာသည်။

" ဘာတွေ သဘောကျနေတာလဲ "

ခိုက် သူ့အတွေးနဲ့သူ သတိလက်လွတ် ပြုံးလိုက်မိတော့ ဘယ်အချိန်ထဲက ရောက်နေမှန်းမသိတဲ့ ကိုအဂ်က စကားစ,ရင်း နှုတ်ဆက်လာသည်။ ကိုအဂ်က ခိုက်လိုပဲ အရင်ဂိုဏ်းချုပ်ရဲ့ အားအကိုးရဆုံးတပည့်တစ်ယောက်ဖြစ်သလို အခုလက်ရှိမှာလည်း ဒုဂိုဏ်းချုပ်တာဝန်ကို ထမ်းဆောင်နေသူလည်းဖြစ်သည်။ ဂိုဏ်းသားတွေရဲ့အမြင်မှာ ခိုက်က မာန်အပြည့်နဲ့ စူးရှထက်မြက်တဲ့ပုံစံဆို ကိုအဂ်က အနေတည်ပြီး အေးတိအေးစက်နိုင်တဲ့ ပုံစံမျိုးဖြစ်သည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now