part 13

57.6K 4.9K 637
                                    

"ဆရာဝန်တွေပါလာတာလား လာ လာ..."

ကုန်းမြင့်မြင့်ပေါ်မှ အိမ်လေးကို ရောက်တော့ သက်လတ်ပိုင်းအရွယ် ဓနုအမျိုးသမီး တစ်ယောက်က ဆိုလာမီးအိမ်လေးဆွဲကာ ထွက်ကြိုလေသည်။တကျွီကျွီ မြည်နေသော ဝါးကြမ်းခင်းကို နင်းဖြတ်ကာ
အိမ်အနောက်ရှိ မီးနေခန်းထဲသို့ တစ်ခါထဲတန်းဝင်ခဲ့တော့ မိန်းမငယ်တစ်ဦး၏ နာကျင်မှုကြောင့် ငြီးငြူနေသော ခပ်ဖျော့ဖျော့ အသံကိုသာ ကြားလိုက်ရ၍ စစ်နိုင်း စိုးရိမ်သွားကာ ခြေလှမ်းတို့ကို ပို၍သွက်အောင် လှမ်းမိတော့သည်။

"ဆရာဝန် ရောက်ပြီဝေ့ နန်းပုံ အားတင်းထား နင့်ယောက်ျား ဆရာဝန် ခေါ်လာခဲ့ပြီ"

ဝါးထရံကာ နောက်ဖေးခန်းလေးရဲ့ ဆိုလာမီးအိမ် ပြပြအောက်မှာ လူနာက ဖြူဖျော့နေပြီ ဖြစ်လေသည်။အချိန်မဆွဲတော့ပဲ ဆေးချိတ်တန်တာချိတ် လိုအပ်တဲ့ဆေးတွေထိုးဖြင့် လိုအပ်တာအားလုံး လုပ်ကိုင်ပေးပြီးသွားတော့ ဆောင်းညအလယ်ကြီး စစ်နိုင်း၏နဖူးမှာ ချွေးစေးတို့ ပျံနေပြီဖြစ်လေသည်။

"ဒီအတိုင်း အဆင်ပြေပါ့မလား ခွဲမှရမယ်ထင်တယ်..."

ဘေးနာမှာ လိုအပ်တာကူညီ လုပ်ကိုင်ပေးနေရင်း ဒေါန ပြောတော့ စစ်နိုင်းက ခေါင်းကိုခါယမ်းကာဖြင့်...

"မဖြစ်ဘူး အခုခွဲလိုက်ရင် နောက်ကလေးကျ သူခွဲမွေးရမှာ အဆင်မပြေနိုင်ဘူး"

စစ်နိုင်းပြောတာလည်း မှန်သည်။တစ်ခါခွဲမွေးပြီး နောက်ထပ်ခွဲမွေးဖို့ဆိုတာက ဒီဒေသမှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာ။ဒေါနတွေးနေတုန်း စစ်နိုင်းက နောက်ထပ်ဆေးတစ်လုံး ထပ်ချိတ်သည်။

"နန်းပုံ နန်းပုံ ဟဲ့ သတိထား ဆရာ ဆရာ လုပ်ပါအုံး.."

အော်သံတွေ ညံထသွားတော့ စစ်နိုင်း ကမန်းကတမ်း လူနာ၏မျက်လုံးအား ဖြဲကြည့်စစ်ဆေးပြီးမှ နောက်ထပ်ဆေးတစ်လုံး ထပ်ထိုးကာ...

"မင်း အပေါ်ကနေ တွန်းချပေး..."

ကလေးအဖေက ယောင်တောင်တောင် ခြေမကိုက်မိလက်မကိုင်မိ ဖြစ်နေတာမလို့ ဒေါနကိုယ်တိုင်ပဲ မိန်းကလေး၏ ခေါင်းရင်းဖက်သို့ တက်ထိုင်ကာ ဝမ်းဗိုက်ဖောင်းဖောင်းကို ခြေကန်တွန်းချရသည်။ထိုအခါမှ ကလေးအဖေကလည်း ဘေးနားရောက်လာကာ ဝိုင်းတွန်းလေသည်။

Green Eye(complete)Where stories live. Discover now