part 28

49.8K 5.5K 716
                                    

အိမ်ထဲသို့ ခေါင်းငိုက်စိုက်လျှက် တစ်လှမ်းချင်း လျှောက်ဝင်လာသော သားဖြစ်သူ ဟန်စစ်နိုင်း၏ ပုံစံကိုကြည့်၍ ဒေါသဖြစ်နေမိသော စိတ်ကပို၍ အားကောင်းသွားရတော့သည်။ဘာလို့များ ဒီမျိုးရိုးနဲ့မှလည်း။ပြီးတော့ ယောက်ျားချင်းတဲ့။တစ်ခါမှတောင် စိတ်မကူးထားဖူးတဲ့ ကိစ္စတွေကို ရုတ်တကြီး မြန်မြန်ဆန်ဆန် ကြုံတွေ့လိုက်ရတော့ ဒေါ်နီလာတင့် တကယ်ပဲ အရှိုက်ထိသွားရတာအမှန်။သားသမီးကို ပြုစုပျိုးထောင်ခဲ့တဲ့ နေရာမှာ သူမဖက်က လိုအပ်ချက်တွေ မရှိခဲ့ဖူးထင်သည်။စည်းကမ်းကာလနားနဲ့ လူတော်လူကောင်း တစ်ယောက်ဖြစ်လာအောင် သူမကိုယ်တိုင် သေချာစနစ်တကျ ပျိုးထောင်ခဲ့တာဖြစ်သည်။အခုတော့ ဘာကြောင့်များ ဒီလို မသတီစရာကောင်းတဲ့ ကိစ္စတွေ ဖြစ်လာရတာလဲ။

"ဟန်စစ်နိုင်း..."

ဧည့်ခန်းဆီမှ ခပ်စူးစူးထွက်ပေါ်လာသော မိခင်ဖြစ်သူ၏ အသံကြောင့် စစ်နိုင်း၏ ခြေလှမ်းတို့ တန့်သွားရတော့သည်။အခုအချိန်မှာ ဒေါနကလွဲလို့ သူဘယ်သူနဲ့မှ ဘာစကားမှ ပြောချင်စိတ် ရှိမနေဘူး။ဒေါနဲ့နှင့် ပြဿနာကိုသာ အရင်ဆုံး ဖြေရှင်းချင်နေတာ။သိုပေမဲ့ မိခင်ဖြစ်သူနှင့်အတူ ဖခင်ဖြစ်သူပါ ဧည့်ခန်းမှာ အတူရှိနေပြီမလို့ ဒီထက်ပိုပြီး ရှောင်ဖယ်၍ မရတော့မှာ သေချာနေပြီ ဖြစ်သည်။

စစ်နိုင်း အတွေးများဖြင့် ဧည့်ခန်းထဲသို့ လျှောက်ဝင်သွားလိုက်တော့ သည်။

လျှောက်ဝင်လာပြီး မျက်နှာချင်းဆိုင်ခုံမှာ ငြိမ်သက်စွာ ထိုင်ချလိုက်သည့်အထိ သားဖြစ်သူကို သူမ လိုက်ကြည့်နေပြီးတော့မှ ခြေချိတ်ထိုင်လိုက်ကာ...

"ပြော ပြန်လာရင် သေချာပြောမယ်ဆိုတာ ဘာစကားလဲ ပြော.."

မိခင်ဖြစ်သူဆီမှ ခပ်ဆတ်ဆတ် ထွက်ပေါ်လာသော လေသံကြောင့် စစ်နိုင်း ခေါင်းငုံ့သွားရတော့သည်။အလကားနေ မအေကို ကြောက်နေရတာမျိုး မဟုတ်သော်ငြား ငယ်စဉ်ကတဲက မိဘစကားကို မြေဝယ်မကျ ဦးထိပ်ပန်ဆင်ခဲ့တဲ့ အလေ့အကျင့်ကြီးက စွဲနေပြီဖြစ်သလို မိဘနှင့်ကိုယ့်ရဲ့ကြားမှာ ထွေးထွေးထူထူး သဘောထားကွဲလွဲခဲ့ရတာမျိုးလည်း မရှိခဲ့။

Green Eye(complete)Where stories live. Discover now