part 30

57.1K 5.5K 978
                                    

"မင်း အဲ့ဒီလို လုပ်လိုက်တာနဲ့ ပြီးသွားပြီလို့ ထင်နေတာလား ဟန်စစ်နိုင်း.."

မိခင်ဖြစ်သူ၏ တင်းမာခက်ထန် နေသောလေသံကြောင့် စစ်နိုင်း ကော်ဖီခွက်ကို အောက်ခံပန်းကန်ပြား ပေါ်သို့ ပြန်ချဖြစ်လိုက်ခြင်းသို့ ရောက်သည်။ရွှေစင်မြသားနှင့် တွေ့ပြီးထဲက မာမီနှင့် ထိပ်တိုက် ရင်ဆိုင်ရတော့မယ်ဆိုတာ သူကြိုတွေးထားပြီးသားပါပဲ။

"သူများ သားသမီးအပျိုလေးကို တမင်သက်သက် အရှက်ခေါ်ခွဲတာ မင်းလုပ်ရပ်က ဘယ်လောက်တောင် အဆင့်အတန်း မရှိလိုက်သလဲ ဟန်စစ်နိုင်း မာမီပြုစုပျိုးထောင်ထားတဲ့ သားက ပညာတက်လူယဉ်ကျေး ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက် ဒီလိုသိက္ခာမဲ့တဲ့ စရိုက်ဆန်ဆန်အကျင့်တွေက ဘယ်ကများ ကူးစက်လာတာလဲ.."

"နီလာ.."

ဇနီးသည်ဖြစ်သူ၏ စကားက ဘယ်ကိုဦးတည်နေသလဲ သိနေတော့
ဦးနေစစ်က ဟန့်တားသည်။ကိုယ့်သားသမီး ဆုံးမတာပဲ လွတ်လွတ်ကင်းကင်း ဥပမာပြ ဆိုဆုံးမစရာတွေ ရှိနေရဲ့နဲ့ အလကားနေ သူများကိုပဲ ခလုတ်တိုက်နေတာမျိုးကိုတော့ တကယ်ပဲ သဘောမတွေ့လှပါ။ဒီမိန်းမတစ်ယောက်ဟာ စိတ်ရင်းစေတနာ ကောင်းမွန်လှပါရဲ့နဲ့ ထက်မြက်တဲ့စိတ်အခံက သားသမီးဇောကြောင့် အတ္တတွေဖုံးလွှမ်းနေရခြင်းမျိုးရယ်ပါ။

ခင်ပွန်းဖြစ်သူက ဝင်ဟန့်တော့ ဒေါ်နီလာတင့်က မျက်စောင်းဝေ့ကြည့်လာကာဖြင့်...

"ရှင်ကရော တချိန်လုံး ကျွန်မပြောဆိုမှ ပိတ်ပင်ပြီး ကာဆီးကာဆီး လုပ်နေတော့မှာ မိဘကလက်နဲ့ရေးတာကို ခြေကန်ဖျက်ခဲ့တဲ့ ရှင့်ရဲ့ သားအလိမ္မာကြီးကိုရော နည်းနည်းလေးတောင် ဆိုဆုံးမဖို့ စိတ်ကူးမရှိတော့ဘူးလား.."

ဇနီးဖြစ်သူ၏ ငေါ့တော့တော့ စကားကြောင့် ဦးနေစစ် ကော်ဖီခွက်အား ပြန်ချပြီးတော့မှ...

"ဟ သူမကြိုက်လို့ မကြိုက်ဘူး အဆင်မပြေလို့ မပြေဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့တာ ဘာမှားလို့လဲ.."

ခင်ပွန်းဖြစ်သူ၏ စကားကြောင့် ဒေါ်နီလာတင့်၏ မျက်ခုံးတို့ ပို၍တွန့်ကုပ်သွားရတော့သည်။ပြဿနာတွေ စဖြစ်တဲ့နေ့တုန်းကတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူးဆိုတဲ့ ဒီဇိုင်းနဲ့ ထမင်းတောင်မစားနိုင်ပဲ ရင်ကွဲနေခဲ့တာ ဘယ်သူလဲ။အခုတော့ ဒေါ်စိန်ဥတွေနဲ့ ကြောင်းလမ်းစကား ပြောဆိုတီးခေါက် ပြီးသည့်အထိ တစ်ခွန်းတစ်လေတောင် ဝင်မပါပဲ အလုပ်သလိုလို အရှုပ်လုပ်သလိုလိုဖြင့် မသိချင်ယောင်ဆောင်ပြီး ဘေးထွက်ထိုင်နေပုံက သူမဟုတ်တဲ့အတိုင်း။အခုလည်း ရှေ့ကနေ ကာဆီးကာဆီးဖြင့် သားဖြစ်သူ gayသွားတာကိုပဲ ထမင်းစားရေသောက် အရေးမပါတဲ့ ကိစ္စလိုမျိုး နေနိုင်သေးသည်။

Green Eye(complete)Where stories live. Discover now