KING(13)

10.8K 1K 6
                                    


KING- 13

ဒီနေ့ပွဲရဲ့ Highlight အဖြစ်ပြင်ဆင်ထားတဲ့ ကော့တေးမျိုးစုံကို King မြည်းစမ်းကြည့်လိုက်သည်။ သစ်သီးအစုံအလင်နဲ့ ယမကာပြင်းပြင်း ရောစပ်သောက်သုံးချင်သူတွေအတွက်လည်း သီးခြားအရသာမျိုးစုံကိုပြင်ဆင်ပေးထား၏။ ညနေခင်းအပြင်အဆင်နဲ့ ဟိုတယ်ကိုဝင်ရောက်လာတဲ့ ဝန်ကြီးနဲ့အတူ ကင်မရာကိုင်ဝင်လာတဲ့ သတင်းသမားတွေလည်းရှိသည်။ ဝန်ကြီးကို လက်ဆွဲနှုတ်ဆက်ကြိုဆိုနေတဲ့ King ဆီ စုပြုံရောက်ကျနေသည့် မျက်လုံးတော်တော်များများ။ မီဒီယာတွေပါ ပါဝင်တက်ရောက်တဲ့ ဒီညစာစားပွဲက မိတ်ဆက်မှုမပြုခင်တည်းက သက်ဝင်လှုပ်ရှားနေခဲ့ပြီ။ ဝန်ကြီးက စီးပွားရေးလောကသားတွေနဲ့ တွေ့ဆုံမိတ်ဆက်ပွဲဖြစ်ပြီး ဒီပွဲမှာ ထူးခြားတာတစ်ခုခုကြေညာမယ့်အကြောင်းကိုလည်း စောင့်မျှော်နေကြပုံရသည်။ ဝန်ကြီးတက်ရောက်ပေမယ့် အချမ်းသာဆုံးဆိုသည့် ထိပ်သီးတွေမပါဝင်တဲ့ပွဲ။

“ဗိုလ်မှူးစစ်နိုင်ရဲ့သားမလား”

ရှန်ပိန်ခွက်ကို မော့ခါနီး King လက်ကရပ်တန့်ရသည်။ စီးပွားရေးအခြေအနေတွေ သုံးသပ်နေရာကနေ King နောက်မှာရှိနေသည့် ပီအိုက်ဆီ အာရုံရောက်သွားခြင်း။ King ရှန်ပိန်ကိုမော့ချပြီး ပီအိုက်မျက်နှာကို အကဲခတ်ဖြစ်သည်။ မပြောင်းလဲတဲ့အမူအရာနဲ့ပဲ ပီအိုက်က ခေါင်းညိတ်၏။ မေးလာတဲ့သူက အာဏာရှင်အသိုင်းအဝိုင်းက နှုတ်ထွက်ခဲ့ပြီး ယခုလက်ရှိ စီးပွားရေးလောကထဲ ခြေချနေသူမို့ ပီအိုက်ဖေဖေကိုသိတာ မဆန်း။ ဝန်ကြီးက အမူအရာနဲ့မေးလိုက်တာကိုတွေ့ပြီး ထိုပုဂ္ဂိုလ်ကပဲ နားနားကပ်လို့ ရှင်းပြနေသည်။ ဘွဲ့ထူးဂုဏ်ထူးတွေသီတန်းနေသည့် ပီအိုက်ဖေဖေက ဒီလူတွေပါးစပ်ဖျားက ပျောက်ကွယ်သွားမှာမဟုတ်သလို နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဖြစ်ခဲ့သည့် ပီအိုက်ကလည်း လူတွေမျက်စိအောက်က ရှောင်လွှဲလို့ရတာမျိုးမဟုတ်။

“အခု ဘယ်မှာနေနေတာလဲ။ မင်္ဂလာဒုံက အိမ်ကရော”

Vodka နဲ့သီးစုံကော့တေးခွက်ကို လှမ်းယူရင်း ပီအိုက်တင်းတင်းဆုပ်လိုက်တဲ့ လက်တစ်ဖက်ကို King သတိပြုမိသည်။ King ဆီရောက်နေကြတဲ့ အာရုံတွေက ရုတ်တရတ် ပီအိုက်ဆီစုပြုံရောက်နေကြခြင်း။ King လက်ထဲရောက်နေပြီဖြစ်တဲ့ခွက်ကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ကြမ်းပြင်ပေါ်လွှတ်ချပစ်မိ၏။

KINGWhere stories live. Discover now