KING(27)

9.2K 755 9
                                    


KING- 27

“အခုဆို ဆီဈေး၊ ရွှေဈေး၊ ဒေါ်လာဈေး အကုန်မငြိမ်မသက်ဖြစ်ကုန်ပြီ”

တိုက်ပုံအဝါဖျော့ဖျော့နဲ့ပိုးတွဲပုဆိုးဝတ်ဆင်ထားပေမယ့် မျက်နှာအရောင်မှိုင်းအုံနေသည့် ရန်ကုန်တိုင်းဝန်ကြီးရှေ့ King ရောက်နေခြင်း။ ဒေါ်ရွှေယဉ်နုနဲ့ဦးနေရောင်ကိုလက်ရဖမ်းဆီးမိပြီးမကြာ စက်ဆီနဲ့ ဒေါ်လာဈေးပျက်ပြားသွားခဲ့သည်။ ဒါ ဘယ်သူကြိုးကိုင်နေလဲအသိအသာ။ ဆယ်နှစ်ကျော်ကအမှု ပြန်လည်သက်ဝင်လာတာနဲ့ တစ်နိုင်ငံလုံးရဲ့အာရုံစိုက်မှုက King အပေါ်ပုံကျလာသည်။

ဒေါ်ရွှေယဉ်နုတို့ အာမခံနဲ့လွတ်ထွက်မသွားဖို့ ရှေ့နေတွေနဲ့ဆွေးနွေးပြီး King ကိုယ်တိုင် စွဲချက်တင်သည်။ ဖိနှိပ်ခံထားရသည့်လူအချို့ ပူးပေါင်းပါဝင်လာကြပြီး အမှုပေါ်အမှုဆင့်နေ၏။ ဦးငြိမ်းမင်းကလည်း သက်သေကြံရာပါအဖြစ် ရာထူးကရပ်ဆိုင်းထားခံရပြီ။ ကွင်းဆက်တွေအကုန်ပေါ်ထွက်လာတာနဲ့အမျှ ဂယက်ကမသေး။ ဦးဆောင်သူ King ကို ဝန်ကြီးရုံးကဆင့်ခေါ်တာနဲ့ King အပြေးအလွှားလာခဲ့ရသည်။ လုပ်ငန်းနဲ့မသက်ဆိုင်သည့်အရေးဖြစ်တာမို့ မျက်နှာမစိမ်းတဲ့ ဝန်ကြီး မျက်နှာတည်တင်းနေ၏။ ဝန်ကြီးဘေးနားမှာ ယူနီဖောင်းဝတ်စုံပြည့်နဲ့ ရန်ကုန်တိုင်းရဲမှူးချုပ်ပါရှိနေခဲ့တာဖြစ်သည်။

“ဒီအမှုကိုဖော်တော့မယ်ဆိုတည်းက ဘယ်လိုအကျိုးဆက်တွေရှိလာနိုင်လည်း Mr.King လည်းကြိုတွေးထားမယ်လို့ထင်ပါတယ်။ ဒါက Mr.King တစ်ယောက်တည်းနဲ့သက်ဆိုင်တာမဟုတ်တော့ဘူး။ မီးများမီးနိုင်၊ ရေများရေနိုင်ဆိုတဲ့စကား ရှိတယ်မလား။ အဘက်ဘက်ကဖိအားတွေနဲ့ အမှုရှေ့ဆက်ဖို့ကသိပ်အားနည်းလွန်းတယ်။ တရားခံတွေက အဖွဲ့အစည်းနဲ့ရှိနေတယ်။ တစ်ဦးတစ်ယောက်ကိုဖမ်းမိထားရုံနဲ့အဆင်မပြေဘူး”

ရဲမှူးချုပ်စကားကို ဝန်ကြီးကခေါင်းညိတ်ထောက်ခံသည်။

“ကျွန်တော်က အတိတ်ကိုတူးဆွချင်နေတာမဟုတ်ပါဘူး။ အမှန်တရားတည်စေချင်တာ”

“အမှန်တရားမှာ အခက်အခဲဆိုတဲ့အပေါင်းအဖော်တွေရှိတယ်။ အခုဖြစ်စဉ်ကိုပဲကြည့်လိုက်ရင် အမှန်တရားကြောင့်ဖြစ်လာတဲ့ အပျက်အစီးတွေက နိုင်ငံနဲ့ချီလာပြီ။ ရန်ကုန်က မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာမြို့။ ရန်ကုန်ရဲ့စီးပွားရေးပျက်ပြားတာက နိုင်ငံ့ဘဏ္ဍာထိခိုက်တာနဲ့အတူတူပဲ။ အထက်ကလည်း ဖိအားပေးလာတဲ့အချိန် ဘေးကြပ်နံကြပ်တွေ ဖြစ်လာနေပြီ”

KINGWhere stories live. Discover now