KING(11)

12.4K 1.1K 15
                                    


KING- 11

“ပီအိုက်”

ခပ်တိုးတိုးရေရွတ်မိတဲ့အသံက မိုးသံလေသံတို့ကြားမှာ ပျောက်ကွယ်သွားပြန်သည်။ ပေါ်တီကိုအောက်က မီးရောင်မှိန်မှိန်အကူအညီနဲ့ မြင်ခွင့်ရနေတဲ့ ပီအိုက်မျက်နှာတစ်ခြမ်း။ လေကြမ်းတွေတရစပ်တိုးဝင်မှုကြောင့် ရေမှုန်ရေမွှားတွေက King မျက်နှာနဲ့ အဝတ်အစားတွေပေါ်ထိ လာရောက်မိတ်ဆက်ကြ၏။ ကြောင်ငေးကြည့်နေတဲ့ King ကို ပီအိုက်ကပဲ လက်ကောက်ဝတ်ကနေ တင်းတင်းဆုပ်ကိုင်ကာ အိမ်ထဲအရောက်ဆွဲခေါ်သည်။ အမှောင်ကိုကျင့်သားရနေတဲ့ မျက်လုံးကြောင့် ပီအိုက်မျက်နှာကို ငေးခွင့်ရနေတာ တမေ့တမော။ ဆုပ်ကိုင်ထားတဲ့လက်ကိုဖြုတ်သွားပြီး တံခါးမကြီးကို ပိတ်ပစ်လိုက်သည့် ပီအိုက်ကြောင့် အခန်းတွင်းနွေးထွေးသွားသည်။

“မီးဖွင့်လေ”

“အင်...အင်း...”

ပီအိုက်စကားကြောင့် ရှေ့က မီးခလုတ်ကိုလှမ်းကျော်ဖွင့်ရသည်။ မီးရောင်ကြောင့် ကျိန်းသွားသည့် မျက်လုံးတို့ကို မှိတ်ချမိ၏။ ပီအိုက်ကတော့ King ရှေ့မှာရပ်နေတုန်းပဲ ဖြစ်လိမ့်မည်။ မျက်လုံးတွေကို ဖြေးဖြေးချင်း ပြန်ဖွင့်လိုက်တော့ မျက်မှောင်ကုတ်ကာ စူးစိုက်ကြည့်နေသည့် ပီအိုက်နဲ့အကြည့်ချင်းဆုံသည်။ ပီအိုက်အကြည့်တို့က King မျက်နှာတို့ဆီ ပြေးလွှားနေ၏။ တံခါးအဖွင့်မှာ မျက်နှာပေါ်တင်ကျန်ခဲ့သည့်မိုးစက်တို့ကို ဒီတစ်ကြိမ် ကျေးဇူးတင်ဖြစ်၏။ မျက်နှာက မိုးရေ ရောတဲ့မျက်ရည်စတို့ကို လက်တစ်ဖက်နဲ့ ပွတ်သပ်ချပစ်ရသည်။ တိတ်ဆိတ်ခြင်းကို စတင်ဖြိုခွဲတတ်သူက King ပဲ ဖြစ်နေတတ်ပေမယ့် ဒီတစ်ခါ အခြေအနေအားလုံးက ပြောင်းပြန်။ အကြည့်မလွှဲဘဲ စကားစတင်ပြောလာသူက ပီအိုက်။

“တစ်ညလုံး ဒီလိုပဲရပ်နေခိုင်းတော့မှာလား”

သေချာကြည့်မိမှ ပီအိုက်ပုခုံးတစ်ခြမ်းလုံး စိုရွှဲနေသည်ကို သတိပြုမိ၏။

“အဝတ်တွေစိုနေတာ အင်္ကျီအရင်လဲရမယ်။ ကျွန်တော့်အင်္ကျီထုတ်ပေးမယ် ခဏ”

“မင်းကရော ဘာလို့မလဲတာလဲ။ ပြန်ရောက်တာပဲကြာနေပြီ”

အိပ်ခန်းထဲဝင်ဖို့ ခြေလှမ်းလိုက်တဲ့နောက်မှာ ပီအိုက်ရဲ့ မကြားတကြား ရေရွတ်သံ။ King အံ့ဩတကြီး ပြန်လှည့်ကြည့်လိုက်ပေမယ့် ပီအိုက်က မျက်နှာလွှဲနေခဲ့ပြီ။ အိပ်ခန်းထဲဝင်ပြီး ဗီရိုပြေးဖွင့်ကာ အနူးညံ့အနွေးထွေးဆုံးဖြစ်မည့် အင်္ကျီကို ရွေးထုတ်ရသည်။ ငယ်ငယ်က ပီအိုက်ရဲ့အင်္ကျီကြီးကြီးတွေကို ဝတ်ခဲ့ရသည့်အချိန်ကို သတိရမိ၏။ ပီအိုက်ရဲ့အသေးဆုံး အင်္ကျီကတောင် King ဝတ်ရင် ဖို့ရို့ဖားရား ဖြစ်နေခဲ့တာပင်။ ကြယ်သီးတစ်လုံးချင်းစီကအစ ပီအိုက် ကိုယ်တိုင်တပ်ပေးခဲ့တာ တွေ။ အယူတွေရှိထားတော့ ပြန်ပေးချင်တဲ့စိတ်ကလေးနဲ့ ဆွဲယူလိုက်မိတာက ညဝတ်အင်္ကျီတွေထဲက ကြယ်သီးအများဆုံးနဲ့ ဝတ်စုံ။ King အင်္ကျီရွေးတာပဲကြာသွားသလားမသိ အခန်းပြင်ပြန်ထွက်တော့ ပီအိုက်ကိုယ်မှာ tracksuit တစ်ထည်က နေရာယူပြီးသား။

KINGWhere stories live. Discover now