KING- 12
အနက်ရောင်မှန်ချပ်တွေကို တွန်းဖွင့်လိုက်တဲ့နောက်မှာ ချူလုံးလေးတွေရဲ့ တချွင်ချွင်မြည်သံတို့ ပဲ့တင်ထပ်သည်။ ကောင်တာမှထကာ ‘ဘာအလိုရှိပါသလဲ’ ဟု အပြုံးချိုချိုနဲ့မေးနေသည့် ကောင်လေးစကားကို အပြုံးနဲ့ပဲတုန့်ပြန်ဖြစ်၏။ အလင်းရောင်လျှော့ထားသည့် အခန်းကျယ်ကျယ်က ရှင်းလင်းပေမယ့် နံရံတွေပေါ်မှာတော့ အရွယ်အစားစုံလင်သည့် ဓာတ်ပုံတို့နေရာယူထားလေသည်။
“ဓာတ်ပုံရိုက်မလို့လား။ Booking လုပ်ထားသေးလားခင်ဗျ”
ကျောဘက်ဆီမှ တံခါးဖွင့်သံတစ်ခုနဲ့ ရွှင်မြူးစွာနှုတ်ခွန်းဆက်သံကြောင့် နောက်ဘက်ကိုပြန်လှည့်ကြည့်ရသည်။ နံရံပေါ်ရှိ ဓာတ်ပုံတွေထဲမှာ နေရာယူထားသည့်လူ။ ပြုံးရွှင်တဲ့မျက်နှာထားနဲ့ မျက်လုံးတွေတောက်ပသည်။ တော်တော်ချောတဲ့ လူပဲလို့ မှတ်ချက်ပြုပြီးမှ ဓာတ်ပုံတွေဆီတစ်ချက်လှမ်းကြည့်မိပြန်၏။ ထိုလူဘက်ပြန်ကြည့်တော့ ရှေ့တိုးလာနေပြီ။ ကိုယ်တိုင်လည်း သူ့ဆီဦးတည်ကာ လက်တစ်ဖက်ကိုဆန့်ထုတ်ပြုံးပြတော့ မျက်ဝန်းတွေကို စိုက်ကြည့်နေတာ တွေးတွေးဆဆ။ ဆန့်တန်းထားတဲ့လက်တစ်ဖက်ကို အသိအမှတ်ပြု ဆုပ်ကိုင်လိုက်တော့ သူ့မျက်ဝန်းတွေက အဖြေရှာတွေ့သွားပုံ ပင်။
“Mesopotamia ဟိုတယ်က Advisor...”
“King ပါ”
ခပ်ရှည်ရှည်ဆွဲနေတဲ့သူ့အသံကို အသိအမှတ်ပြုပေးလိုက်တော့ အားတက်သရောတုံ့ပြန်သည်။
“လာမယ်ဆို ဖုန်းကြိုဆက်တာမဟုတ်ဘူးဗျာ။ ကိုဆန်းလွင်သူနဲ့တွေ့တုန်းကလည်း Advisor ကိုယ်တိုင်လာမယ်လို့ မပြောသွားတော့လေ။ တော်သေးတယ် ကျွန်တော်လည်း ဒီနေ့မှ Studio ဘက်လှည့်ဖြစ်တာ Advisor ကို အားနာစရာတွေ ဖြစ်တော့မလို့။
“ကြည်သာ...သားကြီး ဟေ့ကောင်”
“လာပြီ” ဟု အသံပေးရင်း အတွင်းခန်းထဲက ထွက်လာသည့် နောက်တစ်ယောက်။ လက်ထဲမှာ ကင်မရာတစ်လုံးနဲ့။ မျက်နှာသေနဲ့ထိုလူအကြည့်တွေကတော့ King ဆီမှာ ခဏသာဖြစ်သည်။ ကိုဆန်းလွင်သူပြောထားပုံအရဆို ကင်မရာနဲ့လူက ကြည်သာဦးဖြစ်မည်။ ကြည်သာဦးဆိုသူရဲ့အကြည့်တို့က King နောက်နားတည့်တည့်ဆီရွေ့၏။ King ပါ ယောင်ယမ်း လှည့်ကြည့်မိတော့ ခပ်လှမ်းလှမ်းမှာ မတ်တပ်ရပ်နေသည့်ပီအိုက်။
YOU ARE READING
KING
Actionကံတရားကနောက်တစ်ကြိမ်လှည့်စားခဲ့ရင်တောင် မင်းကကိုယ့်ဆီကိုပဲရောက်လာဦးမှာ ကံတရားကနောက်တစ်ကြိမ်လှည့်စားခဲ့ရင်တောင် မင်းကကိုယ့်ဆီကိုပဲရောက်လာဦးမှာ