KING(19)

10.9K 1K 12
                                    

KING- 19

နာရီကိုကြည့်တော့ မနက်လေးနာရီ။ အိမ်ရှေ့က အဆက်မပြတ်ထွက်ပေါ်နေတဲ့ဘဲလ်သံက ရိုးသားအောင်အိပ်ချိန်ကို နှောင့်ယှက်၏။ ဒီအချိန်လာစရာ ဧည့်သည်လည်းမရှိပါဘဲ။ ဟန်စစ်ဆိုရင်တော့ သူ့သော့နဲ့သူဖွင့်ဝင်လာမှာဖြစ်သည်။ ပြေလျော့နေတဲ့ပုဆိုးကို လက်တစ်ဖက်နဲ့စုကိုင်ရင်း ခေါင်းကိုတဗြင်းဗြင်းကုတ်ပစ်လိုက်သည်။ မီးခလုတ်ကိုဖွင့်ရင်း ဘယ်သူလဲလို့မေးရ၏။ အဖြေမရှိဘဲတိတ်ဆိတ်နေပြန်တာကြောင့် တံခါးရှေ့ရပ်ပြီးမှ ဖွင့်ရကောင်းနိုး၊ မဖွင့်ရကောင်းနိုးဖြစ်နေပြန်သည်။ ထပ်မံထွက်ပေါ်လာတဲ့အသံကြောင့် ရိုးသားအောင် တံခါးကိုဟတယ်ဆိုရုံလေးသာ ဖွင့်လိုက်တော့...

“ဟန်စစ်!”

ကြမ်းပြင်ကိုတွေတွေကြည့်နေတဲ့ ဟန်စစ်က ရိုးသားအောင်ခေါ်တာတောင် မော့ကြည့်မလာ။ လက်တစ်ဖက်မှာလည်း တစ်စုံတစ်ရာကိုဆုပ်ကိုင်ထားသည်။ စိုရွှဲနေတဲ့ဘောင်းဘီအောက်ခြေကလည်း ရေတစက်စက်။ သံဘာဂျာတံခါးကို အမြန်အဆန်ဖွင့်ပြီး ဟန်စစ်ကို အထဲဆွဲသွင်းလိုက်သည်။

“ဟန်စစ် ဘာဖြစ်လာတာလဲ”

ဟန်စစ်က ရိုးသားအောင်ကိုကျော်ဝင်ပြီး ဧည့်ခန်းမှာ တန်းတန်းမတ်မတ်ဝင်ထိုင်သည်။ ရိုးသားအောင်လည်း ဟန်စစ်နဲ့ မျက်နှာချင်းဆိုင်မှာပင် နေရာယူလိုက်သည်။ အခုမှ ရိုးသားအောင်မျက်လုံးတွေလည်း ပြူးကျယ်လာရသည်။

“ဘာ...ဘာဖြစ်လာလို့လဲ စစ်၊ ငါ့ကိုပြော”

တိတ်ဆိတ်နေတဲ့ ဟန်စစ်ကြောင့် ရိုးသားအောင် စိုးရိမ်တကြီးမေးမိသည်။ မော့ကြည့်လာသည့် ဟန်စစ်မျက်လုံးတွေကရဲနေသည်။ ချိုင့်ဝင်နေသည့်မျက်ကွင်းညိုတွေနဲ့ နှုတ်ခမ်းတွေလည်းတုန်ယင်နေတာမို့ ရိုးသားအောင် အမှန်ပင်လန့်သွားရသည်။ တိတ်ဆိတ်မှုတွေလွှမ်းခြုံလို့ အေးစက်စက်အကြည့်တွေရစ်သိုင်းတဲ့ ဟန်စစ်မျက်နှာကိုကြည့်ရင်း ရိုးသားအောင် စိုးထိတ်လာ၏။ ဟန်စစ်ကိုထိန်းကျောင်းလာတဲ့ တောက်လျှောက် ဒီအမူအရာ၊ ဒီအနေအထားကိုတွေ့မြင်ရတာ ဒါသည် ဒုတိယအကြိမ်။ ပထမအကြိမ်က ဗိုလ်မှူးဆုံးသွားခဲ့သည့်ကာလတုန်းကဖြစ်သည်။

KINGWhere stories live. Discover now