KING(18)

11.4K 1K 7
                                    


KING- 18

ကားမှန်တံခါးကို အနည်းငယ်ချလိုက်တော့ မိုးပေါက်တို့ကလွင့်စင်ကျလာသည်။ မည်းမှောင်နေတဲ့ကောင်းကင်က အညှိုးကြီးကြီးနဲ့ရွာမည့်ပုံ။ ဆံပင်တွေထဲလက်ချောင်းထိုးထည့်ကာ ပွတ်သပ်လာသည့် အဏ္ဏဝါ့လက်ကို King ခါချပစ်လိုက်သည်။

"စိတ်မဆိုးပါနဲ့ကွာ မင်းကလည်း။ ငါလည်း ဆယ်နှစ်ကြာပြီးမှ အိမ်ပြန်ရမှာမို့လို့လားမသိဘူး ကြောင်တောင်တောင်ကြီးဖြစ်နေလို့ပါ"

အဏ္ဏဝါပြောနေတဲ့စကားတွေကို မကြားသလိုမျိုး မျက်လုံးတွေကိုအသာမှိတ်ထားလိုက်သည်။ မျက်နှာပေါ်ကို တစ်စတစ်စကျဆင်းနေတဲ့မိုးပေါက်တွေက ရပ်တန့်သွား၏။ ကားမှန်တံခါးကို အဏ္ဏဝါ ပြန်တင်လိုက်ခြင်းဖြစ်သည်။ အဏ္ဏဝါ့ ရယ်သံရှတတက King စိတ်ကိုမပေါ့ပါးစေ။ ရန်ကုန်ပြန်ရောက်ပြီးနောက်တစ်နေ့ အဏ္ဏဝါက သူ့ဒက်ဒီနဲ့သွားတွေ့ချိန် King ကိုလိုက်ခဲ့ဖို့ခေါ်သည်။ ဆယ်စုနှစ်တစ်ခုကျော် အရှိန်အဝါတွေလွှမ်းမိုးထားနိုင်တဲ့ ဦးဇေယျကို King မတွေ့ချင်ဘူးဆို လိမ်ရာကျမည်။ မကောင်းမှုတွေအားလုံး တစ်စုတစ်ဝေးတည်းရနိုင်တဲ့ Titanium bar ရဲ့နောက်မှာ ရှိနေတဲ့ဒီလူ။ ဒီလူဆီက ဆွဲထုတ်လို့ရမယ့် အညှီအဟောက်တွေ ဘယ်လောက်တောင်များနိုင်မလဲ။ တွေးလိုက်ရင် ရင်ထဲလေးဖင့်သည်။

ဒီနေ့မှ ရန်ကုန်မြို့ကလည်း ငေးစရာတွေများနေ၏။ ပြန်စဉ်းစားကြည့်တော့ မြန်မာနိုင်ငံရောက်တည်းက ပတ်ဝန်းကျင်ကိုသတိမထားမိခဲ့တာဖြစ်သည်။ ပီအိုက်မောင်းတဲ့ကားစီးပြီး ပီအိုက်အရိပ်အခြေတွေပဲ ကြည့်နေမိသလား ကိုယ့်ကိုကိုယ် ပြန်တွေးမိတော့ King ပြုံးဖြစ်သည်။

"ရောက်နေပြီ။ ဘာတွေတွေးပြီး သဘောကျနေတာလဲ King"

အဏ္ဏဝါပြောမှ King မျက်နှာကိုပြန်တည်မိသည်။ အဏ္ဏဝါပြောတဲ့ ရောက်နေပြီဆိုတာ ခြံရှေ့တစ်ခုမှာဖြစ်ပြီး ခြံတံခါးကအလိုအလျောက်ပွင့်သွားသည်။ ခြံဝနဲ့အိမ်မကြီးထိ ကားဝင်လမ်းကရှည်သည်။ မြက်ခင်းစိမ်းတွေအပြည့် အလှဆင်ထားသည့်ခြံထဲမှာ ကျောက်ရိုင်းတုံးတွေချထားတာလည်း တွေ့ရပြန်သည်။ တိတ်ဆိတ်နေတဲ့အိမ်က သက်ရှိတစ်ကောင်မှမရှိသလို အထင်မှားချင်စရာ။ ကားတံခါးလာဖွင့်ပေးတဲ့ အဏ္ဏဝါ့နောက်မှာ အိမ်အကူဖြစ်ပုံရတဲ့ကောင်လေးတစ်ယောက် ရပ်နေသည်။

KINGWhere stories live. Discover now