KING(3)

38.4K 4.1K 88
                                    

KING– 3

လေပြင်းနောက်မှာ ကပ်ပါလာသည့် မိုးစက်မိုးပွားတွေက ပြတင်းတံခါးမှတစ်ဆင့် စာကြည့်စားပွဲထိ ကျဆင်းလာ သည်။ လေအဝှေ့မှာ ပြန့်ကြဲကျကုန်သည့် စာရွက်တွေက စာကြည့်စားပွဲတစ်ဖက်တစ်ချက်မှာရှိသည့် ခုတင်နှစ်လုံးပေါ်ထိ ခုန်ဆင်းသွားကြ၏။ မနက်ခင်းစောစောနေရောင်လေးနဲ့ စာပြန်နွှေးမည်လုပ်ကာမှ မှိုင်းညို့လာသည့်ကောင်းကင်ပြင်နှင့် မိုးသားတို့က နေမင်းကိုတောက်ပခွင့်မပြု။ စာကြည့်စားပွဲက ခပ်မြန်မြန်ထလိုက်ပြီး ပြတင်းတံခါးကိုပိတ် ခန်းဆီးစကိုပါ ဆွဲချ လိုက်ရသည်။ ပြန့်ကြဲနေတဲ့ စာရွက်တွေကို တစ်ရွက်စီလိုက်ပြန်စုနေရရင်း စာရွက်တစ်ချို့တစ်ဝက်က ခုတင်ပေါ်က ကောင်လေးလက်ထဲမှာ ရောက်နေပြီဖြစ်လျက်။ ကောင်လေးလက်ထဲက စာရွက်တွေကို ဟန်စစ်လွှဲပြောင်းယူလိုက်ပြီး မျက်နှာကိုငုံ့ကြည့်တော့ နှုတ်ခမ်းပါးပါးတို့က ပြုံးကြည်လွင်လွင်။ တစ်လ... ။

တစ်လဆိုသည့် ကာလတစ်ခုအတွင်းမှာ ပြုံးပြတတ်နေပြီဖြစ်တဲ့ ကောင်လေးနှုတ်ဖျားတို့ကတော့ စကားသံတွေ မဲ့ဆဲ။  မိုးသည်းတဲ့ညတွေမှာ ထိုင်ငိုနေတတ်ဆဲဖြစ်သည့်ကောင်လေးကြောင့် ဟန်စစ်အခန်းတွင်း ခုတင်တစ်လုံး အပိုထည့် ဖြစ်ခဲ့သည်။ ခုတင်တစ်လုံးထည့်ခဲ့ခြင်းက အပိုဟူသည့် ခေါင်းစဉ်အောက်တွင်ပင်ဖြစ်ပြီး တစ်ယောက်အိပ်ခုတင်ပေါ်မှာပဲ နှစ်ယောက်သားအိပ်ခဲ့ရတာ ပူးပူးကပ်ကပ်။ စာကြည့်စားပွဲခြားရုံ အကွာအဝေးကိုတောင် ဝေးလှပါတယ်ဆိုတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်ပြီးမအိပ်နိုင်ဖြစ်နေတတ်တဲ့ ကောင်လေးနံဘေးမှာပဲ ဟန်စစ်တိုးကပ်အိပ်ပေးရသည်။ အရိုးအက်နေတဲ့ ခြေထောက် အတွက် အထောက်အကူဖြစ်ငါးပုစွန်ကအစပြုပြီး နွားနို့နှင့်အားဆေးအဆုံး ဟန်စစ်ကိုယ်တိုင်သောက်ပြနေရတာကြောင့် အားကစားလုပ်ထားသည့် ခန္ဓာကိုယ်လည်း အနည်းငယ်ပုံပျက်ချင်နေပြီ။ စာရွက်တွေကိုင်ထားပြီး အတွေးများနေတဲ့ဟန်စစ်ကို မော့ကြည့်နေသည့်ကောင်လေးနဖူးက သွေးစွန်းပေနေသည့် ပတ်တီး။ ညစ်ထပ်ထပ်အဝါရောင်တချို့ပါ ရောယှက်စပြုနေပြီဖြစ်တဲ့ပတ်တီးကို အာရုံစိုက်မိသွားတော့ ပြက္ခဒိန်ကို လှမ်းကြည့်မိသည်။

KINGWhere stories live. Discover now