KING(16)

20K 1.4K 28
                                    


KING- 16

“ဒါကြီးမစားဘူးဗျာ မုန့်ဟင်းခါးပဲစားမယ်”

“ရတယ်။ စားချင်ရင်ဝယ်ပေးမယ်။ မနေ့ညကလိုထပ်ဖြစ်ရင်တော့ ဆေးရုံတန်းပို့မှာ”

“ခင်ဗျားကလည်း...”

“ပီအိုက်ပုခုံးကို တွန်းတိုက်ပြီး King တိုးတိုးရေရွတ်လိုက်သည်။ ပီအိုက်က စက်ထဲကထွက်လာတဲ့ ပေါင်မုန့်မီးကင်ကို ဘေးသားတွေလှီးပြီး ဓားပြားလေးနဲ့ ထောပတ်သုတ်နေတာဖြစ်သည်။

“ဒီနေ့ ဟိုတယ်အပြင် ဘယ်သွားစရာရှိသေးလဲ”

“ဘာဖြစ်လို့လဲ”

“မနက်ဖြန် ဆောင်းဥတုအိမ်မှာ ကထိန်ခင်းမှာ။ သူ့အဖေက လာဖို့ပြောထားလို့”

ရေခွက်ကိုကိုင်ထားတဲ့ King လက်ကတင်းကြပ်သွားသည်။ မသွားနဲ့လို့ပြောဖို့ပြင်လိုက်ပေမယ့် ထမင်းစားခန်းထဲ ဝင်လာတဲ့ အဏ္ဏဝါ့ကို မျက်လုံးထောင့်စွန်းကနေ မြင်နေရသည်။ ပီအိုက်နားကပ်ရပ်နေရာကနေ နောက်ကိုခြေတစ်လှမ်း ဆုတ်ပြီး King အကြပ်ရိုက်သွား၏။ အဏ္ဏဝါက အကင်းပါးလွန်းသည်။ အဏ္ဏဝါရှိနေတဲ့အချိန်အတွင်း ပီအိုက်နဲ့ နီးနီးကပ်ကပ် ရှိနေတာက အဆင်မပြေနိုင်။ ပီအိုက်စကားကို King လက်မခံချင်ပေမယ့် ခေါင်းညိတ်လိုက်ရသည်။

“ရတယ်။ ကျွန်တော်လည်း ဟိုတယ်မှာပဲရှိနေမှာ”

“မင်းကိုအရင် ဟိုတယ်ပို့ပေးခဲ့မယ်”

“King ငါနဲ့ တစ်နေရာသွားရအောင်”

ပီအိုက်အသံနဲ့ အဏ္ဏဝါ့အသံ တစ်ပြိုင်တည်းထွက်လာတာဖြစ်သည်။ အဏ္ဏဝါက ပီအိုက်နောက်ကျောပြင်ကို စူးစိုက်ကြည့်၏။

“ကျွန်တော် အဏ္ဏဝါနဲ့သွားလိုက်မယ်။ ခင်ဗျား သွားစရာရှိတာသွားပါ”

ပီအိုက်က နောက်ဆုံးလက်ကျန်ပေါင်မုန့်ကို ထောပတ်သုတ်ပေးပြီး ပန်းကန်ထဲထည့်သည်။ လက်ကို ဘေစင်မှာဆေးချပြီး ထမင်းစားခန်းက ထွက်သွားပြီ။ ထောပတ်နဲ့စတော်ဘယ်ရီ တစ်ခြမ်းစီသုတ်ထားတဲ့ပေါင်မုန့်ကို  King လှမ်းယူ ကိုက်ချပစ်လိုက်သည်။

“မင်း ဘယ်တုန်းက စတော်ဘယ်ရီကြိုက်သွားတာလဲ”

“အမေ့ဗိုက်ထဲမှာတည်းက”

KING        Where stories live. Discover now