Chapter 3_U

17.2K 1.5K 41
                                    

ဖုတ်ဝင်နေသည်ဟုသတ်မှတ်ခံလိုက်ရသော ဉာဏ်ကြီးရှင်ကိုယ်တော်ချော အောင်ကြူကြူစာရင်းဝင် ကိုကိုခန့်မှာတော့ ခဏပဲဟုဆိုကာ ပြေးထွက်သွားသည့် သူ၏အသစ်စက်စက်ခင်ပွန်းလေးကို တမျှော်မျှော်ဖြင့်စောင့်နေလေသည်။

မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် သူမျှော်နေသော သူ၏ခင်ပွန်းအသစ်စက်စက်ကလေးမှာ အသက်ခပ်ကြီးကြီး အဘိုးကြီးတစ်ယောက်နှင့် အတူခြံထဲသို့ဝင်လာသည်။

ထိုအဘိုးကြီးအား မူလပိုင်ရှင်၏မှတ်ဉာဏ်ထဲတွင်ရှာကြည့်ပြီးနောက် ခန့်မင်းညိုထိတ်လန့်သွားခဲ့ပြီး သူမျက်နှာမှာ အီးမှန်သကဲ့သို့ ရှုံတွသွားတော့၏။

'အဲ့ဒီတော့ မြတ်လေးက သူမူမမှန်တာကိုရိပ်မိနေပြီး ဆရာ့ကိုသွားခေါ်တာပေါ့ ကောင်းလိုက်တာ ငခန့်ရေ သူ့ကိုယ်သူတော့သရုပ်ဆောင်တာ ဟုတ်လှပြီထင်နေတာ နေ့တစ်ပိုင်းတောင်မခံဘူး တန်းပေါ်တော့တာပဲ '

ဦးကျင်သောင်းသည် အိမ်ထဲရှိဧည့်ခန်းထဲတွင် ထိုင်နေသော လူငယ်ကို တွေ့ပြီးနောက် သူ၏အတတ်ပညာနှင့် ဆန်းစစ်ကြည့်ရာ အလွန်ပင်အံ့ဩသွားတော့သည်။

ထို့နောက် ဘေးတွင်ရှိသောမင်းမြတ်သူအား ပြောလိုက်သည်။

"သား ဆိုင်ထဲမှာသွားစောင့်နေ အဘိုးအခြေအနေကြည့်ပြီး လုပ်လိုက်မယ် အိမ်ထဲကိုဘယ်သူ့မှပေးမဝင်နဲ့ သားလဲမလာခဲ့နဲ့... ကြားလား"

မင်းမြတ်သူက "ဟုတ်" ဟုဆိုကာ ချက်ချင်းပင် ခြံတံခါးပိတ်ပြီး အိမ်ရှေ့ရှိ ဆိုင်ထဲဝင်ကာ ဆိုင်တံခါးကိုပိတ်ပြီး ချက်ပါချထားလိုက်လေတော့သည်။

'သူအရမ်းကြောက်တတ်ပါတယ်နော် တော်ကြာဖုတ်က ဟိုကနေထွက်လာပြီး သူ့နားရောက်လာနေမှဖြင့်...အမလေး ကြက်သီးတွေပါထတယ်'

ခန့်မင်းညိုမှာ ဦးကျင်သောင်း အိမ်ထဲသို့ဝင်လာသည်ကို တွေ့သဖြင့် ထိုင်နေရာမှထပြီး ဘုရားစင်အောက်တွင် ထားထားသော တရားထိုင်အခင်းကို ယူ၍ခင်းပေးလိုက်သည်။

"အဘိုးထိုင်ပါခင်ဗျ ကျွန်တော်မီးဖိုချောင်ထဲမှာ ရေနွေးကြမ်းသောက်ဖို့သွားယူလိုက်ဦးမယ်ဗျ"

ထိုသို့ဆိုကာ ခန့်မင်းညို မီးဖိုချောင်ထဲသို့ဝင်၍ ဓါတ်ဘူးထဲတွင်ရေနွေးရှိမရှိစစ်ကာ လင်ဗန်းထဲသို့ ထိုဓါတ်ဘူးနှင့် ဖန်ခွက်များထည့်သယ်ပြီး အိမ်ရှေ့ကိုယူလာခဲ့သည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now