Chapter 32_U

10.6K 927 32
                                    

ရွှေလက်ရာ ထမင်းဆိုင်လေးတွင် ခန့်ညားနည်းတူနာမည်ကြီးသူ နောက်တစ်ယောက်ရှိပါသေးသည်။

သူကတော့မြတ်မင်းမောင်ပါပဲ။

၈လထဲဝင်နေပြီဖြစ်ပြီး လေးဖက်ထောက်အား ကျွမ်းကျင်စွာ သွားတတ်နေပြီ ဖြစ်သည့် မြတ်မင်းမောင်က ထမင်းဆိုင်သို့လာစားကြသော ဖောက်သည်များနှင့် တက္ကသိုလ်မှ ကိုကို၊ မမများ၏ အသည်းကျော်ဖြစ်လာသည်။

မြတ်မင်းမောင်က အလွန်မျက်နှာချိုသည်။

ဖြူလုံးလုံးပေါက်စီလုံးလေးနှင့် တူကာ ထိုပေါက်စီလုံးက အောက်သွားနှစ်ချောင်းအပြင် အပေါ်သွားနှစ်ချောင်းပါ ထပ်ပေါက်လာတာမို့ ရယ်လိုက်တိုင်း အလွန်ချစ်ဖို့ကောင်းသည်။

တွေ့ရာလူနောက်မလိုက်သော်လည်း ကြောက်လန့်ကာ ငြင်းဆန်ငိုယိုခြင်းတော့မရှိ။

ထို့အပြင် သူ့အားမြှူကြသည့် ကိုကို၊ မမ များအား အပြုံးကြီးကြီးဖြင့် ပြုံးပြရယ်ပြတတ်သေးသည်။

ဆိုင်သို့ခေါ်သွားလျှင်လည်း တော်ယုံဆို ဂျီမကျတတ်။

လူများလေ စိတ်လှုပ်ရှားလေလားတော့မသိ။

ဆိုင်ရောက်လျှင် ကိုယ်တော်လေးက ပိုမိုတက်ကြွနေတတ်သည်။

ခန့်မင်းညိုငှားထားသော ဆိုင်ခန်းများမှ ဆိုင်ရှင်များကလည်း မြတ်မင်းမောင်လေးကို အရမ်းချစ်ကြသည်။

ခန့်မင်းညိုတို့လင်ခင်ပွန်းနှစ်ယောက်က သဘောကောင်းသည့်သူများဖြစ်ကာ ပေါင်းသင်းဆက်ဆံရန် ခက်ခဲသူများမဟုတ်တာကြောင့် ဆိုင်ခန်းငှားထားသော ဆိုင်ရှင်များနှင့် အတော်ရင်းနှီးနေပြီဖြစ်သည်။

ခန့်မင်းညို၏ဆိုင်နေရာက ဆိုင်ခန်းဖွင့်ရန် အလွန်သင့်တော်သောနေရာဖြစ်သည့်အပြင် ရွှေလက်ရာထမင်းဆိုင်၏ နာမည်ကြီးမှုကလည်း သူတို့ဆိုင်များအပေါ်သက်ရောက်မှုရှိကာ ပိုမိုရောင်းကောင်းလာတာကြောင့် ဆိုင်ခန်းငှားသူများကတော့ ဤဆိုင်ခန်းများငှားလိုက်မိခြင်းအတွက် အလွန်ကိုကျေနပ်ပျော်ရွှင်နေကြသည်။

ခန့်မင်းညိုက အစပိုင်းတွင်သာ ထမင်းဆိုင်ခန့်ခွဲသည့်ကိစ္စများတွင် ဝင်ပါသော်လည်း နောက်ပိုင်းတွင်တော့ ခန့်ညားကိုသာ စီမံခန့်ခွဲစေကာ သူကတော့လုံးဝဝင်မပါတော့။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now