Chapter 25_U

11.7K 1K 62
                                    

ခန့်မင်းညို၊ မြတ်လေး နှင့် ခန့်ညားတို့ ညစာစားပြီးနောက် ဧည့်ခန်းထဲတွင် ထိုင်ကာ စကားပြောနေကြသည်။

သားကတော့ တင်ပလ္လင်ခွေထိုင်ထားသော ခန့်မင်းညို၏ပေါင်ပေါ်တွင် အိပ်မောကျနေကာ ခန့်မင်းညိုက သားကို ခြင်မကိုက်စေရန် စကားပြောရင်း မလိုတော့သည့် ဖလန်ထည် အနှီးစဖြင့် ခြင်ယမ်းပေးနေသည်။

"ဆိုင်ခန်းတွေက နောက်တစ်ပတ်လောက်ဆို စငှားလို့ရပြီဆိုတော့ ဆိုင်အငှားကိစ္စတွေကို ကိုင်တွယ်ရမှာရယ်၊ ကိုဈာန့်မင်္ဂလာပွဲအတွက် ကူစရာရှိတာတွေ ကူဖို့အတွက် သဘက်ခါကစပြီး ကိုဈာန့်မင်္ဂလာပွဲပြီးတဲ့အချိန်ထိ တစ်လလောက် ခက်မမြို့ပေါ်မှာသွားနေမလို့ စီစဉ်ထားတယ် "

ခန့်မင်းညိုစကားကြောင့် ခန့်ညားက ခန့်မင်းညိုအားမေးလိုက်သည်။

"ကျွန်တော်ရောလိုက်ခဲ့ရမှာလား အစ်ကို"

"အေးပေါ့ လိုက်ခဲ့ရမှာပေါ့ ခန့်ညားရော၊ မြတ်လေးရော၊ သားသားရော အကုန်ခေါ်သွားမှာ ... ဆိုင်ကိုတော့ အဖေနဲ့အမေ့ကို လွှဲခဲ့မယ် "

မြတ်လေးက ပြောလာသည်။

"အမေတို့က ဖြစ်ပါ့မလား"

"ဖြစ်ပါတယ် မြတ်လေးရဲ့ သူတို့လည်း နေ့တိုင်းနီးပါးဆိုင်ကိုလာ ကလေးထိန်းရင် တခါတလေဆို ဈေးရောင်းကူကြတာပဲ စိမ်းသက်နေတဲ့ အလုပ်မှမဟုတ်တာ ... မနက်ဖြန်တစ်ရက်ကောင်းကောင်းရှင်းပြလိုက်ရင်ရပါတယ်"

"သားသားကို သွားခေါ်တုန်းကလည်း အဖေနဲ့ အမေ ကို ကိုယ်သေချာရှင်းပြခဲ့ပြီးပြီ သူတို့က အဆင်ပြေတယ်လို့တော့ပြောတာပဲလေ"

ခန့်မင်းညို၏ စကားကြောင့် မြတ်လေးက ခေါင်းငြိမ့်လိုက်ပြီး ပြောလာသည်။

"အဆင်ပြေတယ်ဆိုပြီးတာပါပဲ"

"ခန့်ညားကို အစ်ကိုမေးဦးမယ် ... စားသောက်ဆိုင်ဆိုပြီးလျာထားတဲ့ အခန်းက ခန့်ညားကို ဦးစီးခိုင်းမှာ ...ဆိုတော့ ခန့်ညား ဘယ်လိုအစားအသောက်တွေရောင်းရင်အဆင်ပြေမယ်ထင်လဲ "

ခန့်မင်းညို၏အမေးအား ခန့်ညားက အနည်းငယ်စဉ်းစားရင်းဖြေလာသည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now