အပိုင်း - ( ၂ ) တွေ့ဆုံခြင်း

2.5K 292 3
                                    

သုံးဦးအနက် နှစ်ဦးသည် ဤသို့သော အမှုကိစ္စများ၌ အတွေ့အကြုံရှိသူများဖြစ်၍ ကျွမ်းကျင်လှကာ သန့်ရှင်းရေးလုပ်ရန် တစ်နာရီမျှသာ ကြာလိုက်လေသည်။ ကျန်သော အသေးအဖွဲကိစ္စလေးများကိုတော့ ချီယွဲ့ကိုယ်တိုင် နည်းနည်းပါးပါး ကြည့်လုပ်လိုက်လျှင် ရလောက်ပေသည်။

" အစ်ကိုကြီးလင်းနဲ့ မရီးတို့ ကျေးဇူးပါပဲဗျာ ။ ကျွန်တော် လက်ဖက်ရည် ဖျော်လိုက်ဦးမယ် ၊ ခဏနော် ! "

လုပ်ကိုင်းသွားကြသည်ထဲတွင် ချီယွဲ့ လုပ်လိုက်ရသည်က များများစားစား မရှိပါ။ သူသည် ယင်းကဲ့သို့သော အလုပ်များအား မလုပ်ဖူး၍ လင်မယားနှစ်ယောက်ကသာ အများဆုံး လုပ်ပေးသွားတာ ဖြစ်သည်။

" အားယား .... ဒါတွေက အသေးအဖွဲလေးတွေပါပဲကွ ။ လက်ဖက်ရည် တိုက်နေစရာ မလိုပါဘူး။ အိမ်မှာလည်း လူကြီးတွေနဲ့ ကလေးတွေ စောင့်နေကြသေးတော့ အစ်ကိုတို့ အရင်ပြန်တော့မယ်ကွာ ! " လင်းရှန့်သည် ချီယွဲ့၏ ဧည့်၀တ်ပြုမှုကို နောက်ကျနေ၍ ပြန်သင့်ပြီဟူသော အကြောင်းပြချက်ဖြင့် ငြင်းဆို၏ ။

ပြောရပါက အမှန်တကယ်လည်း ထိုနှစ်ဦး မနေသင့်တော့သည့် အချိန်သို့ ရောက်နေပြီဖြစ်၍ ချိီယွဲ့လည်း အတင်းတိုက်တွန်းမနေတော့ဘဲ တံခါး၀ထိ လိုက်ပို့ပေးလိုက်တော့သည်။

ပြီးနောက် တံခါးအား ပြန်ပိတ်လိုက်ကာ လှည်းပေါ်မှ ထင်း ၊ ဆန် ၊ ဆီ ၊ ဆား ၊ အိုးခွက်များနှင့် ပန်းကန်များကို ယူကာ မီးဖိုထဲတွင် နေရာချလိုက်သည်။ ပစ္စည်းများအား နေရာချလိုက်မှသာ ချီယွဲ့သည် ငါဒီမှာ တကယ် နေတော့မှာပါလား ဟူသည့် ခံစားချက်ကို ရလိုက်တော့သည်။

အပြင်မှ တံခါးခေါက်သံအား ကြားသည့်အခါ ချီယွဲ့အတွက် ထူးဆန်းသွားတော့သည်။ လင်းရှန်းများ တစ်ခုခု ပြောစရာရှိလို့ ပြန်လာတာများလား ? ချီယွဲ့သည် မီးဖိုခန်းထဲမှ ပြန်ထွက်လာကာ တံခါးဖွင့်ကြည့်လိုက်သည်။

အပြင်တွင် ရပ်နေသည်က ခြောက်နှစ် ၊ ခုနစ်နှစ်အရွယ် ကလေးလေးတစ်ယောက်ဖြစ်နေလေသည်။ တံခါးပွင့်သွားသည်ကို မြင်သည့်အခါ ကလေးလေးသည် သူ့အား မော့ကြည့်လာလေသည်။ " မင်္ဂလာပါ ၊ ဦးဦးချီ ။ ကျွန်တော်က လင်း ရှောင်းဟူပါ ။ ကျွန်တော့်အဖေက လင်းရှန့်ပါ။ "

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now