အပိုင်း - ( ၃၉ ) ကိုယ်၀န်ဆိပ်တက်ခြင်း

2.5K 299 23
                                    

အချို့သူများက ပျော်ရွှင်နေကြစဥ်တွင် အချို့ကတော့ ကိုယ့်လုပ်ရပ်အတွက် ပြန်ခံစားနေကြရလေသည် ။ ယင်းကဲ့သို့ပင် အချို့သူတို့က ချစ်ခြင်းများဖြင့် နိုးထလာရချိန်တွင် အချို့ကမူ ဘယ်လိုဖွင့်ဟပြောဆိုရမည်ကို မသိသေးသဖြင့် ဗျာများနေရလေ၏။

" သခင်လေး ၊ သခင်လေး ! " ခန်းယွမ်အသံကိုမြှင့်၍ အော်လိုက်မှသာ ငေးမောနေသူက အသိပြန်၀င်လာတော့သည်။

ကျန်းယွဲ့ဖုန်းသည် လန့်သွားသဖြင့် လက်ထဲရှိ စားရင်းစာအုပ်ဖြင့် ခန်းယွမ်အား ခေါင်းကိုရိုက်ပစ်လိုက်တော့သည်။ " ဘာတွေလာအော်နေတာလဲ ၊ တကယ် စိတ်ရှုပ်စရာကောင်ပဲ ! "

ခန်းယွမ် ကိုယ့်ခေါင်းကိုယ် ပြန်အုပ်ကိုင်လိုက်ပြီး သခင်ဖြစ်သူလက်ထဲရှိ လူသတ်လက်နက်အား ညွှန်ပြလိုက်ရသည်။ " ဒီစာရင်းတွေက မှန်ရဲ့လားတဲ့ ၊ ဆိုင်ရှင်က အခုထိစောင့်နေပါသေးတယ် ! "

ထိုသို့ကြားမှသာ သူ့ရှေ့တွင်ရပ်၍ အဖြေကိုစောင့်နေသော ဆိုင်ရှင်အား ကျန်းယွဲ့ဖုန်း သတိထားလိုက်မိသဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ကာ လက်ခါပြလိုက်ရတော့သည်။ " သွားနှင့်တော့ ၊ လုပ်စရာရှိတာလုပ်နေလိုက် ၊ တစ်ခုခုပြဿနာရှိရင် လှမ်းခေါ်လိုက်မယ် "

ထိုအခါမှ ဆိုင်ရှင်က သက်ပြင်းချလိုက်ပြီး ခါးညွတ်ကာ နှုတ်ဆက်ပြီး ထွက်သွားလေသည်။

သခင်လေး၏အကြည့်များက တစ်ဖန်မှိုင်းသွားပြန်သည်ကို မြင်လိုက်ရသဖြင့် ခန်းယွမ်အနားသို့ ကပ်သွားကြည့်လိုက်သည်။ " သခင်လေး ... ကုရွှေ့ရွာက ပြန်လာကတည်းက သခင်လေးကိုကြည့်ရတာ အာရုံထွေပြားနေသလိုပဲ ၊ မကောင်းတာတစ်ခုခုများ စားလာမိလို့လား "

" မင်းကမှ မကောင်းတာစားလာမိတာ ! " ကျန်းယွဲ့ဖုန်းက ထပ်ရိုက်ပြန်သည်။

ထိုနေ့တုန်းက ခန်းယွမ်နှင့် ချွန်းရွှီတို့ကသာ မီးဖိုခန်းထဲတွင်နေရင်း သူ့ထက်ပိုစားခဲ့တာဖြစ်၍ မကောင်းတာတစ်ခုခုကို စားခဲ့သူသာဆိုပါက ခန်းယွမ်ပဲ ဖြစ်ရပေမည် ။

" အစားအသောက်ကြောင့် မဟုတ်ဘူးဆိုရင် သခင်လေးက ဘာလို့ စိတ်လွတ်နေသလို ပြုမူနေရတာလဲ " ခန်းယွမ်က သူ့ခေါင်းသူပွတ်ရင်း မတိုးမကျယ် ရေရွတ်လိုက်လေသည်။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now