အပိုင်း - ( ၃၂ ) ရွှီဟွာ

1.5K 270 12
                                    

နေသာသောနေ့တစ်နေ့ဖြစ်သဖြင့် ဟယ်လင်း အိပ်ရာခင်းများအားလုံးကိုထုတ်၍ နေလှန်းလိုက်သည်။ ချီယွဲ့ကမူ နေ့လယ်စာစားပြီးကတည်းက ခြံနောက်သို့သွား၍ သူ့ဆေးပင်များကို ရေလောင်းပေါင်းသင်လုပ်နေလေ၏။ ဆေးပင်များအကြောင်းကို သေချာ နားမလည်သဖြင့် အနှောင့်အယှက်ပေးမိမည်စိုး၍ ဟယ်လင်း လိုက်မသွားတာဖြစ်သည် ။

စောင်များကို လှန်းပြီးသွားသည့်အခါတွင် တံခါးခေါက်သံနှင့်အတူ အော်ခေါ်သံကိုပါ ကြားလိုက်ရသည် ။ " ညီလေးလင်း ငါပါ အစ်ကိုကျောက်လေ "

လီကျောက်၏အသံကိုကြားလိုက်ရ၍ ဟယ်လင်း တံခါးနားသို့လျှောက်သွားလိုက်ပြီး မင်တုန်းကိုဖယ်၍ ဖွင့်ပေးလိုက်သည်။ " အစ်ကိုကျောက် ဘာကိစ္စရှိလို့လဲ ၊ လာလေ အထဲ၀င်ခဲ့ပါဦး "

" မ၀င်တော့ဘူး " လီကျောက်က ငြင်းသည်။ " မနေ့တုန်းက ယွီလန်ဆီကနေ မင်းကြက်မွေးချင်လို့ ကြက်ပေါက်လေးတွေရောင်းမယ့်သူရှာနေတယ်လို့ ပြောသံကြားလို့ ငါလည်းအသိရှိတာနဲ့လာပြောတာ ၊ မင်း ငါနဲ့တစ်ခါတည်း လိုက်ကြည့်ချင်လား "

" ဟုတ် လိုက်ခဲ့မယ်လေ " ဟယ်လင်း ခေါင်းညိတ်ပြလိုက်သည်။ ခြံအနောက်က ကြက်ခြံကို အလွတ်အတိုင်းထားပါက ဖြုန်းတီးရာရောက်ပေသည်။ " ကျွန်တော် ရှန့်ကုံးကိုသွားပြောလိုက်ဦးမယ် ၊ အစ်ကိုကျောက် ခဏလေးစောင့်ဦးနော် "

" သွားလေ ၊ ခြင်းပါတစ်ခါတည်း ယူခဲ့ဦးနော် ၊ အဆင်ပြေရင် တစ်ခါတည်းထည့်ယူလာလို့ရတာပေါ့ " လီကျောက်က သတိလှမ်းပေးသည် ။

ပြန်ဖြေလိုက်ပြီးနောက် ဟယ်လင်း ခြံအနောက်သို့သွား၍ ချီယွဲ့အား အကျိုးအကြောင်းပြောပြပြီး ခြင်းလေးတစ်ခြင်းကိုယူလာလိုက်ပြီး လီကျောက်နှင့်အတူ ထွက်လာလိုက်သည် ။

" သူတို့အိမ်က ငါ့အိမ်နဲ့ သိပ်မဝေးဘူး ၊ သူတို့လည်း ရွာစွန်မှာနေကြတာလေ ၊ အဲ့တော့ မင်း သိမှာမဟုတ်လောက်ဘူး " လီကျောက်က လမ်းတွင်ပြောပြသည်။ ဟယ်လင်းက ရေခပ်လိုက် ၊ ထင်းခွေလိုက်ဖြင့် ဟယ်မိသားစုအတွက် တစ်နေကုန် အလုပ်လုပ်ပေးနေခဲ့ရပြီး အပြင်လည်းထွက်ခဲသဖြင့် ဟယ်မိသားစုအိမ်နှင့်အဝေးတွင်နေသူများကို သေချာမမြင်ဖူးသလို သေချာလည်းမသိပေ ။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now