အပိုင်း - ( ၉ ) ဆေးကုပေးခြင်း

1.4K 236 2
                                    

ချီယွဲ့သည် အိမ်တံခါးခေါက်သံကို ထပ်ကြားလိုက်ရသဖြင့် အံ့သြသွားမိသည်။ ပုံမှန်အားဖြင့် ရွာထဲ၌ သူနှင့်ရင်းနှီးသူသည် အများကြီးမရှိဘဲ လင်းရှန့်တို့မိသားစုသာလျှင် သူ့အိမ်သို့ လာလည်တက်တာ ဖြစ်လေသည်။ ယခု လင်မယားနှစ်ယောက်လုံး သူ့အိမ်မှာရှိနေမှတော့ ဦးလေးလင်း ဒါမှမဟုတ် ဒေါ်လေးလင်းတို့ လာကြတာများလားဟု တွေးလိုက်မိသည် ။

ချီယွဲ့နှင့် လင်းရှန့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိပြီးမှ ထ၍ တံခါးသွားဖွင့်ပေးလိုက်သည်။ လင်းရှန့်ကလည်း လိုက်မသွားခင် ၀ူယွီလန်အား တစ်ချက်ကြည့်သွားလေသည်။

တံခါးကိုဖွင့်ကြည့်လိုက်သောအခါ ချီယွဲ့ မအံ့သြဘဲ မနေနိုင်ဖြစ်သွားမိသည်။

" အစ်ကိုကြီးချီ .... " ဟယ်ကျန့်က တစ်ဖက်လူကိုမြင်သည်နှင့် မျက်လုံးများရဲလာကာ ချက်ချင်းပင် ငိုတော့မလို ပြုမူလေသည်။

" ပြောရမှာတော့ အားနာတယ်ကွ ဟယ်ကျန့်ရေ ၊ ပြောစရာရှိရင် ပြောလေ ၊ ဒီအပြုအမူက အခြားသူတွေ မြင်သွားရင် အစ်ကိုကြီးချီက မင်းကို အနိုင်ကျင့်နေတယ်လို့ ထင်ကုန်ကြဦးမယ် " ချီယွဲ့၏ နောက်မှ လင်းရှန့်သည် ယင်းမြင်ကွင်းကြောင့် ခေါင်းများပင် ကိုက်လာသလိုလို ခံစားလိုက်ရလေသည်။

" မဟုတ် ... မဟုတ်ပါဘူး ကျွန်တော် အလျင်လိုနေလို့ပါ " ဟယ်ကျန့်က စိတ်ထဲ၌ မကျေမနပ်ဖြစ်သွားသော်လည်း လက်ခါပြကာ ငြင်းလေသည်။ ချီယွဲ့ရှေ့၌ သနားစဖွယ် ဟန်ဆောင်ပြချင်တာ ဖြစ်သော်လည်း လင်းရှန့်၏ အပြောကြောင့် သူက တမင်လုပ်နေသလို ဖြစ်သွားလေသည်။

ပြောရရင် ဒီလူက ဘာလို့ ကိုယ့်အိမ်မှာကိုယ်မနေဘဲ သူများအိမ်ကို ရောက်နေရတာလဲ ။

" အစ်ကိုကြီးချီကို အကူအညီတောင်းချင်တာ ရှိလို့ပါ "

" ချီယွဲ့ဆီက အကူအညိီတောင်းမလို့ ဟုတ်လားကွ ၊ ချီယွဲ့က ဒီရွာကိုရောက်တာမှ သိပ်မကြာသေးတာ သူ့ဆီက ဘာအကူအညီတောင်းမလို့တုန်း ။ ပြောကြည့်လေ ဘယ်သူသိမလဲ ငါကူညီချင်ကူညီပေးနိုင်မလားမှ မသိတာ ။ " လင်းရှန့်က မတ်တပ်ရပ်ကာ လက်ပိုက်လျက်ပြောနေပြီး ဟယ်ကျန့်အား မည်သည့်အခွင့်အရေးကိုမှ မပေးချေ ။ ဟယ်ကျန့်ရဲ့ ချီယွဲ့အပေါ် သဘောထားက ဒီလောက်သိသာနေတဲ့ဟာကို ။ ချီယွဲ့ကို ချဥ်းကပ်ချင်လို့ အကြောင်းပြချက်ပေးနေတာလား အမှန်ကိုပြောနေတာလားဆိုတာကို ဘယ်သူက သေချာသိလို့လဲ ။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now