အပိုင်း - ( ၂၆ ) မြို့တက်ခြင်း

1.6K 288 5
                                    

နောက်တစ်နေ့ ဟယ်ကျန့်ရောက်လာချိန်၌ တစ်ယောက်တည်းမဟုတ်ဘဲ အဒေါ်ချန်ပါ ပါလာလေသည်။ သူတို့ကို တံခါးလာဖွင့်ပေးသော ဟယ်လင်းကိုမြင်သောအခါ သူမက မျက်လုံးလှန်ပြပြီး အထင်သေးသလို " ဟွန့် ! " ခနဲ နှာမှုတ်ပြသည်။

" ၀မ်းကွဲ " မျက်လုံးတစ်စုံကိုသာ ဖော်ထားသော ဟယ်ကျန့်က အတော်လေး လိမ္မာယဥ်ကျေးဟန်ဖြင့် သူ့ကိုလှမ်းခေါ်သည်။

ထိုသည်ကို ကျင့်သားမရသော ဟယ်လင်းမှာ ဘယ်လိုပြန်တုန့်ပြန်ရမည်ကို မသိသဖြင့် " ရှန့်ကုံးက မြင်းလှည်းပြင်နေလို့ အထဲ၀င်ပြီး ထိုင်နေကြပါ " ဟုသာ ဆိုလိုက်သည်။

မ​​နေ့ကတုန်းက သူတို့အား ၀င်ခွင့်မပေးရဲခဲ့သော်လည်း ယနေ့တွင် ချီယွဲ့ရှိနေသဖြင့် သူ မကြောက်ပါ ။

ထိုနှစ်ယောက်ကိုခေါ်ကာ ဧည့်ခန်းထဲတွင် နေရာချပေးလိုက်ပြီး ဟယ်လင်း လက်ဖက်ရည်ငှဲ့ပေးကာ မုန့်ပွဲများ ချပေးလိုက်သည်။

" အခုတော့ နင်က တကယ်ကို ပိုက်ဆံရှိတဲ့မိသားစုက ကောတစ်ယောက်လို ပြုမူနေတာပေါ့လေ ! လက်ဖက်ရည်တိုက်လိုက် မုန့်ကျွေးလိုက်နဲ့လုပ်နေပြီး ပိုက်ဆံတွေလည်း အများကြီးရှိတဲ့ဟာကို ကိုယ့်မိသားစုကိုကြ ဘယ်လိုထောက်ပံ့ရမလဲ စဥ်းစားမနေဘူး ! " အဒေါ်ချန် မုန့်တစ်ခုကိုယူ၍ ကောက်၀ါးလိုက်ရင်း မနာလိုဖြစ်နေမိသည်။ တံခါးမကြီးနှင့် ဤခြံ၀င်းကြီး ၊ အစားအသောက်ကောင်းများ စသည်တို့အား သူမက တစ်ခါသာကြည့်ကာ တစ်ခေါက်သာစားနိုင်သော်လည်း ဟယ်လင်းကတော့ နေ့တိုင်းနေ့တိုင်း စားသောက်နေနိုင်နေလေသည်။

ဟယ်လင်း နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ ဘာမှပြန်မပြောမိပေ ။ သူမနှင့် ယှဥ်မပြောနိုင်မှတော့ ဘာမှပြန်မပြောတာက အကောင်းဆုံးဖြစ်ပေလိမ့်မည် ။

" အမေ အဲ့လိုမပြောပါနဲ့ ၊ ၀မ်းကွဲက မိသားစုကို ပြန်မငဲ့တတ်တဲ့သူမျိုး မဟုတ်ပါဘူး " ဟယ်ကျန့်က ဟယ်လင်းဘက်မှ ကာပေးနေသယောင် စကားများကိုပြောရင်း အဒေါ်ချန်အား လက်မောင်းကို ပုတ်ပေးနေလေသည်။

" ဟွန့် သူသာ အဲ့လိုလူမျိုး မဟုတ်ဘူးဆိုရင် သားရောဂါကို ဘာလို့ ဂရုမစိုက်သလို လုပ်နေရတာလဲ ! " အဒေါ်ချန်က ပြောနေရင်းဖြင့် ဟယ်လင်းအား အဓိပ္ပာယ်ပါပါ ကြည့်နေလေ၏။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now