အပိုင်း - ( ၁၃ ) ဖိတ်ခေါ်ခြင်း

1.4K 226 4
                                    

အဒေါ်ဖန်းက ဟယ်ထျန်းတို့အိမ်သ်ို့ အောင်သွယ်လုပ်ပေးရန် သွားနေစဥ်တွင် ချီယွဲ့က မင်တုံးကောင်းကောင်း နှစ်ခုကိုယူကာ ရွာသူကြီးအိမ်သို့ သွားလိုက်သည်။

ကုရွှေ့ရွာသူကြီး၏ မျိုးရိုးနာမည်မှာ ' ဖုန်း ' ဖြစ်ကာ အသက်ငါးဆယ်ကျော်ပြီဖြစ်ပြီး သမီးသုံးယောက်နှင့် သားတစ်ယောက်ရှိသည်။ သမီးသုံးယောက်သည် လွန်ခဲ့သော နှစ်အနည်းငယ်အခါက အသ်ီးသီးလက်ထပ်ကာ ခင်ပွန်းသည်များနောက်သို့ လိုက်သွားကြလေသည်။ သားဖြစ်သူကသာ ရွာသူကြီးတို့နှင့် အတူနေတာဖြစ်ပြီး သူသည်လည်း လက်ထပ်ပြီးလို့ ကလေးနှစ်ယောက်တောင် ရှိနေပြီဖြစ်သည်။

ရွာသူကြီးသည် ငယ်စဥ်က စာအုပ်အနည်းငယ်ဖတ်ဖူးပြီး စာလုံးအနည်းငယ်ကိုလည်း သိသောကြောင့် သူ့ကိုယ်သူ ပညာရှိတစ်ဦးလို နေရသည်ကို သဘောကျလေသည်။ ထို့ကြောင့် ပုံမှန်အားဖြင့်ဆိုပါက တုတ်တစ်ချောင်းကိုင်ကာ မြေကြီးပေါ်၌ စာရေးနေလေ့ရှိပေသည်။

ချီယွဲ့ ရောက်သွားသည့်အခါတွင်လည်း ခြံ၀င်းထဲ၌ မြေကြီးပေါ်တွင် တစ်ခုခုကို ရေးနေလေ၏။ ရွာသူကြီးကတော်က ချီယွဲ့အား တံခါးလာဖွင့်ပေးပြီး ရွာသူကြီးက " လူလေးချီပါလားကွ ၊ မလာတာတောင် အတော်ကြာနေပြီပဲ " ဟုလှမ်းနှုတ်ဆက်သည်။

ရွာသူကြီးက ချီယွဲ့နှင့် တွေ့ရသည်ကို အလွန်သဘောကျ၏။ စာပေပညာရှင်ကဲ့သို့သော သိမ်မွေ့ကာ နူးညံ့သည့် ချီယွဲ့လိုလူမျိုးကို ရွာသူကြီးက အလွန်နှစ်သက်ကာ ချီယွဲ့နှင့် စကားပြောရသည်ကိုလည်း ကြိုက်လေသည်။

" ကျွန်တော် နှောင့်ယှက်မိပါပြီဗျာ " ဟု ချီယွဲ့ ပြန်ကာ နှုတ်ဆက်လိုက်ရင်း သူ ယူလာသည့် မင်တံအား ကမ်းပေးလိုက်သည်။

ရွာသူကြီးက အားနာနေခြင်းမရှိဘဲ ပြုံး၍ လက်ခံသည်။ ဒီလို အဖိုးတန်တဲ့ လက်ဆောင်မျိုးကို သူ့မြေးလေး နောင်ကြရင် သုံးဖို့ သိမ်းထားရမယ်။

ချီယွဲ့အား အိမ်ထဲသို့ ဖိတ်ခေါ်ကာ ရွာသူကြီးက မိန်းမဖြစ်သူအား သားဖြစ်သူကို သွားခေါ်လာခဲ့ရန် ပြောလေသည်။

ချီယွဲ့က စိတ်ထားကောင်းကာ လောကကြီးအကြောင်းကိုလည်း သိသူဖြစ်သဖြင့် ရွာသူကြီးသည် သားဖြစ်သူအား ချီယွဲ့နှင့် ရင်းရင်းနှီးနှီး ရှိစေချင်လေသည်။ သူသည် အသက်ကြီးလာပြီဖြစ်၍ တစ်ချိန်ကြရင် သားဖြစ်သူက သူ့နေရာကို ဆက်ခံရမှာဖြစ်သည့်အတွက် လူကောင်းသူကောင်းများနှင့် မိတ်ဖွဲ့ထားဖို့ လိုအပ်ပေသည်။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now