⏳25⏳

8.2K 441 38
                                    

စျာန့်ရဲ့ အပြုအမူများကြောင့် မနက်စာတောင် မစားတော့ဘဲ ကားသော့ဆွဲကာ ခပ်မြန်မြန်ထွက်လာခဲ့လိုက်၏။ ကားပေါ်ရောက်တဲ့အထိ ရင်ခုန်တာလိုလို ရင်တုန်တာလိုလို ခံစားချက်ကြီးကြောင့် ကားတောင် ချက်ချင်းမောင်းမထွက်နိုင်သေးဘဲ စိတ်ငြိမ်သက်အောင် ထိုင်နေရသေး၏။ နီးနီးကပ်ကပ် အပြုအမူတွေ၊ နွေးနွေးထွေးထွေး အကြည့်တွေက ယောက်ျားလေးတွေကြားမှာ ရှိလို့ရလို့လား။ စျာန်က တွဲရအောင်လို့ ပြောလာတော့ လန့်သွားတာ အမှန်။ ဒါပေမယ့် စျာန်က နောက်ပြောင်နေတယ်လို့ဘဲ တွေးထားခဲ့တာ။ အခု မနက်ကျတော့ နောက်ပြောင်ပြီး ပြောနေတာနဲ့ မတူတာကြောင့် ရှင်းသန့် စိတ်တွေ ရှုပ်ထွေးလာရ၏။

"ဘာဖြစ်ချင်တာလဲ ဒီကောင်လေးက "

ကားကို ခပ်ဖြေးဖြေးမောင်းထွက်လာရင်းမှ မတင်မကျတဲ့ စိတ်ကြောင့် လမ်းဘေးချရပ်လိုက်ပြီး ဂျူး ဆီကို ဖုန်းလှမ်းခေါ်မိတော့သည်။ ဂျူးဆိုရင်တော့ အကြံဉာဏ်ပေးနိုင်ကောင်းရဲ့။ စျာန်က ကွန့်ထူးနဲ့ ပိုရင်းတယ်လို့ ထင်ရပေမယ့် ဂျူးစေရာကိုဆို အကုန်ပြောပြတတ်တာ ရှင်းသန့် သိထားတာကြောင့် ဖြစ်သည်။

"ဟယ်လို ဂျူး နိုးပြီလား "

"အင်း ဆိုပါတော့ စောစောစီးစီး ဘာထူးလဲ ဘာတွေဖြစ်လို့လဲ "

အိပ်ချင်မူးတူး အသံကို နားထောင်ပုံအရ သူ ဖုန်းခေါ်လိုက်မှ နိုးသွားတယ် ထင်သည်။ ဟုတ်သားဘဲ။ ညက ကိစ္စတွေနဲ့ သူတို့လည်း စိတ်ပူနေမှာလို့ တွေးမိတော့ ကိုရှင်းမှာ သူငယ်ချင်းတွေ အပေါ် အားနာစိတ် ဝင်လာရသည်။

"ဆောတီး ဂျူးရာ ငါ အချိန်အခါမကြည့်ဘဲ ခေါ်လိုက်မိတာ "

"ရပါတယ် ကိုရှင်းရဲ့ ဘာဖြစ်လို့လဲ "

"ဟို ငါ ငါ "

ချက်ဆို နားခွက်က မီးတောက်သူလေး ဂျူးစေရာကတော့ တစ်စုံတစ်ခုကို ရိပ်မိနေပြီ။ သူရိန်လင်းစျာန်ဆိုတဲ့ ဆရာဝန်ကောင်က တစ်ကိုယ်လုံး အကြံတွေအပြည့်နဲ့ ကိုရှင်းကို ဆင်ကြံကြံနေတဲ့ကောင်လေ။ ကိုရှင်းအသံကို နားထောင်ကြည့်ရသလောက် အမှုကိစ္စထက် စျာန်တစ်ခုခုလုပ်လိုက်လို့ တုန်လှုပ်နေသည့်ပုံစံ။ ဒါမျိုးဆို သိပ်သိချင်တဲ့ စိတ်ကြောင့် အိပ်ချင်မူးတူးဖြစ်နေရာမှ မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး အရုပ်ကို ပိုက်ကာ သေချာမေးရန် ပြင်လိုက်သည်။

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now