1 : 22

324 5 0
                                    

" မိုးတွေ ညိုလာပါလား "

လက်ထဲရှိ အဖြူရောင်ချည်စရှည်ပေါ်တွင် အနီရောင် အပ်ချည်ဖြင့် ပန်းပွင့်ကလေးများကို ပုံဖော်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးက လူဝင်ပေါက်ကတစ်ဆင့် ညိုမှိုင်းလာသော ကောင်းကင်ကို ကြည့်၍ ဆိုလေသည် ။ ဖုန်များသိပ်နေသော အိမ်ရှေ့လမ်း၏တစ်ဖက် ၊ စိမ်းလန်းနေသည့် ထိုးထိုးထောင်ထောင် လယ်ကွင်းများအလွန် ညစ်ထေးနေသော ကောင်းကင်သည် တိုက်ပွဲအတွက် ဆိုင်းပြင်းနေသော နွားသိုးကြီးတစ်ကောင်ကဲ့သို့ ရှိလှသည် ။

" ဧကရီ...အလုပ်သိမ်းပါတော့လား ။ မိုးကြီးမယ်ထင်တယ် "

သစ်သားပြတင်းပေါက်အနီးတွင် ခပ်တုတ်တုတ် အပ်တိုကို ကိုင်ကာ ဦးထုပ်၏အနားကို ကွပ်နေသည့် မဟော်ဂနီရောင် ဆံပင်အလိပ်လိပ်ကလေးများနှင့် မိန်းမပျိုလေး ဧကရီသည် အလုပ်ကို ခေတ္တရပ်၍ ကောင်းကင်သို့ မျှော်ကြည့်၏ ။ ဝိုင်းစက်သော မျက်ဝန်းကလေးများသည် ပို၍ ဝိုင်းစက်သွားလျက် ပန်းနုရောင်ပြေးနေသော ဧကရီ၏နှုတ်ခမ်းကလေးများမှာလည်း အတန်ငယ် လှုပ်ရှားသွားရသည် ။ ဧကန်ပင် မိုးများမည်ထင်သည် ။

" ဟုတ်ကဲ့ မယ်ရီ ။ ကျွန်မ အခုပဲ အိမ်ပြန်ပါတော့မယ် "

မယ်ရီဆိုသော အမျိုးသမီးသည် ဧကရီ့ကို ကြည်ဖြူစွာ ခေါင်းငြိမ့်ပြ၏ ။ ထိုအခါ မနက်ဖြန်တွင် အပျောက်အဆုံး အပျက်အစီး မရှိဘဲ အချိန်တိကျစွာ အလုပ်စတင်နိုင်ရန် လုပ်လက်စ ပစ္စည်းများကို သူ့နေရာနှင့်သူ စနစ်တကျ ပြန်လည် စီရီ၍ အနားတစ်ဝှိုက်တွင် ရှုပ်နေသော ချည်စအပိုများကို ဝါးခြင်းတောင်းလေးထဲသို့ စု၍ထည့်လိုက်သည် ။ ထို့နောက် စင်ပေါ်တွင် ခင်းကျင်းထားသည့် အရောင် ၊ ဒီဇိုင်း ၊ အရွယ်အစား မျိုးစုံသော ဦးထုပ်ကလေးများကို စီထပ်၍ သေတ္တာကြီးတစ်လုံးထဲသို့ ထည့်ပြီးလျှင် နံနက်က ယူလာသည့် အညိုရောင် အပေါ်ထပ်ဝတ်ရုံကို ကိုယ်ပေါ်၌ လွှားကာ ခြင်းတောင်းကလေးကို ဆွဲလျက် ဧကရီ အလုပ်မှ အိမ်သို့ ပြန်ရန် ရည်ရွယ်လိုက်သည် ။
ငြိမ်သက်နေသော လေထုသည် ဧကရီ လမ်းပေါ်အရောက်တွင် စတင်လှုပ်ရှားလာလေ၏ ။ အရှိန်ပြင်းသည့် လေအဝှေ့တိုင်းတွင် ဧကရီ၏အညိုရောင် ဝတ်ရုံကလေးမှာ အနောက်ဘက်သို့ လွင့်လွင့်သွားရသည် ။ မျက်နှာချင်းဆိုင်အရပ်မှ တိုက်ခတ်နေသော လေထုကို အံတုလျက် ခပ်သွက်သွက် ​သွားနေသော ဧကရီသည် အိမ်မရောက်ခင် လမ်းအလယ်၌ အပြေးလာလေသော မိုးစက်ကလေးများနှင့် ထိတွေ့လိုက်ရသည် ။

LS : AMITYWhere stories live. Discover now