13 : 22

24 1 0
                                    

" ဒါကို ဘယ်နေရာ ထားရမှာလဲ ဟန်နီ "

" ဟို...ခြံစည်းရိုးနားလေးမှာပဲ ချလိုက်ပါ "

" ဒီနေရာလား "

" ဟုတ်ပါတယ် "

ယခင်က အပင်တစ်ပင်ကိုပင် နည်းလမ်းမှန်မှန် မစိုက်တတ်သည့် လူတစ်ယောက်က ယခုတွင်တော့ အပင်တစ်ပင်ကိုပင် မည်သို့ စိုက်ပျိုးပြီး မည်သို့ဂရုစိုက်၍ စောင့်ရှောက်ရမည်ကို ဧကရီ့ထက်ပင် ကျွမ်းကျင်စွာ လုပ်ဆောင်တတ်လာသည့် လူကြောင့် ဧကရီ တွေးမိရင်း ပြုံးပန်းဝေမိသည် ။ ဤသို့ တိုးတက်လာခြင်းမှာလည်း စာကြည့်တိုက်သို့ သွားဖြစ်လျှင် ထိုလူသည် စိုက်ပျိုးရေးဆိုင်ရာစာအုပ်များကိုသာ အာရုံခံပြီး ဖတ်လေ့ရှိသောကြောင့် ဖြစ်သည် ။ အားထုတ်မှုတစ်ခု အသုံးပြုရုံနှင့် အရာရာကို အကျယ်တဝင့် သိနိုင်သည့် ထိုလူ၏ဆုလာဘ်ကိုလည်း တစ်ခါတစ်ရံ ဧကရီ အားကျမိပြန်ပါသည် ။ ယခင်က အပင်စိုက်ခြင်းကို ညစ်ပတ်၍ မလုပ်ချင်ပါဘူးဟု ငြင်းခဲ့သည့်လူက ယခုတွင်တော့ ဧကရီနှင့်အတူ ကြိုးကြိုးစားစား အပင်ပန်းခံနေရသည့်အကြောင်းပြချက်က မည်သည်ဖြစ်နိုင်မည်နည်း ။

" ကိုယ့်ကို ကြည့်ပြီး ဘာတွေ ဒီလောက်တွေးနေတာလဲ ဟန်နီ "

ဧကရီ၏မျက်နှာချင်းဆိုင်တွင် ဆောင့်ကြောင့်ထိုင်၍ မေးခွန်းထုတ်လာသော ထိုလူ၏နဖူးစပ်များတွင် ချွေးစက်များပင် တွဲခိုနေလေပြီ ။ အနားယူခိုင်းလျှင်လည်း အတူလုပ်ပါမည်ဟု ခေါင်းမာဦးမည့်လူက ဧကရီ့ကို လုပ်ခိုင်းသည်ထက် သူ လုပ်သည်က ပို၍များနေ၏ ။

" ကျွန်မ တွေးနေတာကလေ... "

" အင်း "

" ဟို...ပွဲတော်ပြီးကတည်းက ရှင် ဒီလိုအဝတ်အစားတွေကို ပိုပြီးဝတ်လာသလားလို့ "

ပွဲတက်ဝတ်စုံများကဲ့သို့ တောက်ပြောင်ခမ်းနားကာ မပေါ့မပါးရှိလှသော အဝတ်အစားများကို ညွှန်း၍ဆိုလိုက်သည် ။ အမှန်ပင် ထိုလူသည် ပွဲတော်နေ့ပြီးကတည်းက ထိုကဲ့သို့ အဝတ်အစားများကို တစ်နေ့တစ်မျိုး မရိုးရလေအောင် အဆင်စုံ ၊ အရောင်စုံနှင့် ခန့်ညားနေလေသည် ။ ထို့အပြင် ဆံပင်ကိုလည်း အမြဲတမ်း သေသေသပ်သပ် အနောက်သို့ သပ်တင်ထားသေး၏ ။

LS : AMITYWhere stories live. Discover now