15 : 22

23 3 0
                                    

ဘဝတစ်သက်တာနီးပါး မည်သူ့ကိုမျှ အဖော်ပြုခြင်းမရှိဘဲ တစ်ယောက်တည်း နေလာခဲ့သော ဧကရီသည် ယခုတွင်တော့ တစ်စုံတစ်ယောက် မရှိသော အိမ်ဝန်းကျင်ကို ငေးမှိုင်စွာ လှည့်ကြည့်ပြီးလျှင် ရှည်လျားသော သက်ပြင်းတစ်ချက်ကို ဆွဲချလိုက်သည် ။ အထီးကျန်မှုနှင့် ပျင်းရိမှုများ ပြည့်နှက်နေသော အိမ်၏ဧည့်ခန်းကလေးထဲတွင် ဧကရီသည် အရသာ မရှိသည့် နေ့လယ်စာကို အိပဲ့ပဲ့ဖြင့်သာ စားနေ၏ ။ ယခင်က သွက်လက်တက်ကြွလွန်းခဲ့သည့် မိန်းမငယ်ကလေးကို ယခုကဲ့သို့ ပျင်းရိလေးပဲ့နေအောင် ပြုလုပ်ပေးခဲ့သူသည် မည်သူနည်း ။ တရားခံသည်တော့ ဤအိမ်ထဲတွင် ရှိမနေခဲ့ပါ ။ သူ့ကို မတွေ့ရသည်မှာလည်း အတန်ပင် ကြာချေပြီ ။ ထိုနေ့ညက အိမ်အပြင် မထွက်ရန် ပြင်းပြင်းထန်ထန် တားမြစ်ထားခဲ့ခြင်းကြောင့် ဧကရီ ခြံထဲပင် မဆင်းဖြစ်သည်မှာ ယနေ့အထိပင် ။ တစ်နေ့နှင့်တစ်နေ့ အိမ်အတွင်းပိုင်းတွင်သာ အချိန်ကုန်ဆုံးနေရသဖြင့် စားသောက်နေထိုင်ရေးမှာ သိသိသာသာပင် ချို့တဲ့နေလေပြီ ။ မကြာမီ စားစရာပင် ကုန်ချေတော့မည် ။ သူသည် မည်သည့်အချိန်မှ အိမ်သို့ ပြန်လာမည်နည်း ။ ထိုသို့ဆိုရအောင်လည်း ဤအိမ်က သူ့အိမ်မှမဟုတ်ပေဘဲ ။ သူသည် အိမ်ပိုင်ရှင် မဟုတ် ၊ ဧကရီ၏ဧည့်သည်နှင့်သာ တူသည် ။
ဧကရီသည် ထပ်၍ စိတ်အားနည်းစွာဖြင့် ငိုမိလေသည် ။ အရာရာကို အစကနေ ပြန်၍ စတင်နိုင်လျှင် မည်မျှကောင်းမည်နည်း ။ ထိုသို့ တတ်နိုင်လျှင် ထိုလူ့ကို မတွေ့ခဲ့ရသေးသည့် အချိန်များ၌သာ ဧကရီ လည်ပတ်နေချင်မိသည် ။ ပူပင်စိတ် ၊ သောကများ မရှိသော ဧကရီအဖြစ် ပြန်လည်ရှင်သန်မိချင်ပါ၏ ။ ယခုတွင်တော့ ထိုနှင့်ခြားနားစွာ မသက်ဆိုင်သူကို တစ်နေ့ တစ်နေ့ မျှော်ရသည် ။ မသက်ဆိုင်သူသည်တော့ ဧကရီ့ကို မျက်ကွယ်ပြု၍ လျစ်လျူရှုထားနိုင်လေ၏ ။

" ဘုန်း... "

တစ်စုံတစ်ခု ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျသံသည် တိတ်ဆိတ်မှုလွှမ်းခြုံထားသည့် ညတာကို ခြောက်ခြားသွားစေသည် ။ ကျယ်လောင်လွန်းသည့်အသံကြောင့် ယခုအချိန်အထိ အိပ်မပျော်နိုင်သေးသော ဧကရီသည် ထိတ်လန့်သွားကာ တုန်နေသော မိမိ၏ရင်ဘတ်ကို လက်ဖြင့်ဖိလိုက်မိသည် ။ ထိုအသံသည် အခန်း၏အရှေ့ဘက်မှ လာခြင်းဖြစ်သည် ။ ဧကရီ၏အိမ်ထဲကပင် ဖြစ်၏ ။ ပစ္စည်းတစ်ခုခု ပြုတ်ကျလေသလား သို့မဟုတ် အိမ်အပြင်မထွက်ရဟုဆိုသော သူ၏တားမြစ်ချက်​နှင့် ဆက်စပ်၍ ဧကရီက အန္တရာယ်ဆီကို မသွား၍ အန္တရာယ်ကများ ဧကရီ့ဆီကို အရောက်လာလေသလားဟု ဧကရီ တွေးမိသည် ။ ဘာမှန်းမသေချာသည့် အခြေအနေကို ဟိုတွေးသည်တွေး တွေးနေမိခြင်းက ဧကရီ့ကို ပို၍ ကြောက်လန့်နေစေ၍ ချွေးပြန်စေသည် ။

LS : AMITYWhere stories live. Discover now