11 : 22

36 2 0
                                    

မှောင်ရီပျိုးစအချိန်ဖြစ်သည် ။ အနောက်အရပ်သို့ တိုးဝင်သွားသော နေရောင်ပင် မရှိတော့ဘဲ ကောင်းကင်တစ်ခွင်မှာ အပြာရင့်ရောင်​ဖြင့် လွှမ်းခြုံနေသည် ။ အိပ်တန်းဝင်ငှက်တို့၏တေးသံသာနှင့်အတူ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်တစ်ချက် ဆူညံတစ်ချက်ဖြင့်... ။ မြို့ထဲတွင်လည်း အိမ်ခြေယာများမှာ မီးခိုးတလူလူနှင့် ဝမ်းစာအဖို့ ပြင်ဆင်ချက်ပြုတ်နေကြလေပြီ ။ လူတို့၏အလုံးစုံသော နေ့စဥ်လှုပ်ရှားမှုများမှာ မရပ်တန့်ကြသေးသကဲ့သို့ မြို့အပြင်ရှိ အိမ်ကလေးတစ်အိမ်သည်လည်း ဆူညံစွာ ရှိနေလေသည် ။

" အဲ့ဒီလို...အဲ့ဒီလို မဟုတ်ဘူး "

အခြားအိမ်များနည်းတူ မြို့အပြင်တစ်ဖက်ရှိ အိမ်ခြံကလေးအတွင်းတွင်လည်း စကားသံများနှင့် ဆူညံနေလေသည် ။

" ကျွန်မ ပြမယ် "

ဧကရီသည် တူးဆွကာ ပုံထားသည့် မြေဆွေးများကို အနားရှိ မြေအိုးကလေးထဲသို့ ဆုပ်ကာဆုပ်ကာ ထည့်လိုက်သည် ။ ထို့နောက် မြေဆွေးများ၏အလယ်တွင် ပွားယူလာသော အညွန့်ပေါက်ကာစ အပင်ငယ်ကလေးကို မြေအိုးထဲသို့ ထည့်လိုက်၏ ။ အပေါ်ယံတွင် မြေဆွေးအနည်းငယ် ထပ်ထည့်၍ အပင်အမြစ်ကို ဖုံးပြီးလျှင် ခက်ရင်းခွကလေးဖြင့် ​အပင် ပတ်ပတ်လည်ရှိ မြေများကို အနည်းငယ် ဆွပေးလိုက်သည် ။

" ဒါဆို ပြီးသွားပြီ ။ ရေလောင်းရုံပဲ ကျန်တော့တယ် "

" ကိုယ်လဲ ဒီလိုလုပ်တာပဲလေ ဟန်နီရဲ့ "

ထိုလူသည် ဘဝင်မကျသည့်ပုံစံဖြင့် မျက်ခုံးကျုံ့ကာ မြေအိုးကို လက်ညှိုး တထိုးထိုးလုပ်၍ ပြောလေသည် ။ အနည်းငယ် ပွယောင်းကာ ဖရိုဖရဲဖြစ်နေသော ထိုလူ၏ဆံနွယ်များကလည်း စိတ်ရှုပ်နေပုံကို တစ်မျိုးတစ်မည် ဖော်ပြနေသေး၏ ။ သို့သော် မည်သူကမျှ သူ့ကို အတင်းအကြပ် ခိုင်းစေနေခြင်း မဟုတ်ပါ ။ ထိုသည်ကို ဧကရီက သဘောကျစွာ ရယ်လေသည် ။

" အဲ့တာကြောင့် ကျွန်မ ​မပြောပေဘူးလား ။ ရှင် အဆင်မပြေလောက်ပါဘူးလို့ ။ သွားပါ...ကျွန်မပဲ ဆက်လုပ်လိုက်တော့မယ် "

သစ်ပင်စိုက်ပျိုးသည့်လုပ်ငန်း မစတင်မီကတည်းက ထိုလူနှင့် အဆင်မပြေသည်မှန်း ခန့်မှန်းမိခဲ့၍ တားခဲ့ပါသော်လည်း သူ့စကားအတိုင်း အတူတူလုပ်ကြမည်ဟု တစွတ်စွတ် ပြောနေသဖြင့် ဧကရီက အရှုံးပေးလိုက်ရသည် ။ အမှန်တကယ် လုပ်ငန်းစတင်သည့်အချိန်တွင်တော့ ဧကရီ ထင်ထားသည့်အတိုင်း ဤမျှ လွယ်ကူသည့်စိုက်ပျိုးနည်းကိုပင် ခက်ခဲအောင် လုပ်နေသော ထိုလူ့ကို ကြည့်ရင်း ဧကရီ လှောင်ရယ်ချင်စိတ်များ မရှိဘဲ သဘောတကျသာ ရယ်နေမိသည် ။ မိမိ တစ်ယောက်တည်း လုပ်တော့မည်ဟု ဆိုကာ နှင်ထုတ်ပါသော်လည်း ထိုလူက မည်းမှောင်နေဆဲ မျက်နှာအမူအရာဖြင့်သာ ဧကရီ့ကို ဂရုမစိုက်ဘဲ မြေဆွေးများကို အခြားမြေအိုးထဲသို့ စိတ်ရှိလက်ရှိ ကော်၍ ကော်၍ထည့်နေလေသည် ။

LS : AMITYWhere stories live. Discover now