3 : 4

24 2 0
                                    

ယနေ့၌ ဧကရီသည် ဒါလင်နှင့်အတူ မိမိ၏မွေးရပ်မြေသို့ ရောက်လာခဲ့မိ၏ ။ ပုံမှန်ဆိုလျှင် ဒါလင်ကပဲ ဤအရပ်သို့ လာ၍ ဧကရီ့အတွက် လိုအပ်သည်များကို ဝယ်လာပေးလေ့ရှိသည် ။ ယခုတော့ ဒါလင်၏ဖိတ်ခေါ်မှုကြောင့်တစ်ကြောင်း ၊ ဧကရီကိုယ်တိုင်ကလည်း နှစ်အတော်အတန်ကြာသည်အထိ ခြေမချမိခဲ့သည်က တစ်ကြောင်းမို့ အလွမ်းပြေလိုက်လာခဲ့မိသည် ။ ပထမဦးဆုံးအနေနှင့် စျေးဆိုင်များသို့ မသွားမီ ဧကရီတို့ ရောက်လာကြသည်က မြို့ပြင်က နှစ်ဦးအတူရှိခဲ့ကြဖူးသော အိမ်ကလေးဆီသို့ ဖြစ်၏ ။ ဧကရီသည် ခြံ၏အရှေ့တွင် ရပ်၍ အမှိုက်သရိုက်များ ရှုပ်ပွလာသည်က လွဲလျှင် တစ်စွန်းတစ်စမျှ ပြောင်းလဲမသွားသော အိမ်အိုကလေးကို လွမ်းပြပြ ကြည့်နေမိသည် ။ ဧကရီ မရှိခဲ့သည့်တစ်လျှောက်လုံး လူတစ်ယောက်မျှ နေထိုင်ခဲ့ပုံမပေါ်သော ခပ်မှောင်မှောင် အိမ်ကလေးကို ကြည့်နေလျက်က ဧကရီ၏ရင်ဘတ်အတွင်း၌ အတိတ်ဟောင်း၏ အမှတ်တရများစွာနှင့်အတူ အုံ့မှိုင်းမှိုင်း ခံစားနေရသည် ။ ဤအိမ်အိုကလေးတွင် ကောင်းသော ၊ ဆိုးသော အမှတ်တရများက အင်မတန် များပြားခဲ့သည်လေ ။ နုနယ်ချိန်က မှတ်ဥာဏ်များနှင့် မိမိ၏ခြေရာများ အထပ်ထပ်ဖြစ်ခဲ့သော မြို့ငယ်ကလေးကို မြင်မိတော့ ဧကရီမှာ လွမ်းမောစိတ်များနှင့် မျက်ရည်ဝဲရသည် ။ ထိုသည်ကို သိသော ဒါလင်က ဧကရီ၏ပခုံးကို အသာပုတ်ပေး၍ နှစ်သိမ်ပေးလေသည် ။

" အချိန်တွေတောင် ဒီလောက် ကြာသွားပြီပဲ "

ဧကရီသည် အိမ်အိုကလေးကို လှမ်းမျှော်ကြည့်လျက် ခပ်တိုးတိုး ဆိုလိုက်သည် ။ အတိတ်တစ်ချိန်က ရယ်ရွှင်သံများ ၊ မျက်ရည်စများနှင့် အသက်ဝင်ခေဲ့သော အိမ်ကလေးသည် ယခုတော့လည်း စကားသံများ ကင်းမဲ့၍ တိတ်ဆိတ်နေလေပြီ ။ ခြံဝင်းထဲတွင်လည်း သစ်ရွက်ခြောက်များ အထပ်ထပ် ပုံ၍ ဧကရီတို့ ပျိုးထားခဲ့သည့် ပန်းပင်များမှာ ​ပင်စည်ပင် မကျန်ရစ်တော့ပဲ အစအနပျောက်ကာ ခြုံနွယ်များ ဖုံးလွှမ်းနေလေပြီ ။ ဧကရီတို့နှစ်ဦးသည် ဤနေရာ၌ ရပ်နေသည်မှာ အချိန်အတန်ကြာပြီဖြစ်သည့်အပြင် ထပ်၍ သွားစရာများလည်း ရှိသေးသည်ကြောင့် ထွက်သွားဖို့ရာ ပြင်လိုက်ကြလေသည် ။

LS : AMITYWhere stories live. Discover now