1 : 4

39 3 0
                                    

" ဒါလင် ဘယ်သွားမလို့လဲ "

အိမ်ထဲကနေ တိုးတိုးတိတ်တိတ်နှင့် ထွက်သွားတော့ပြုနေသည့် ဒါလင့်ကို ဧကရီ အိမ်အပေါက်ဝမှ ဆီးကြို၍ အပြုံးကလေးတစ်ခုနှင့် တက်ကြွစွာ မေးလိုက်သည် ။ ဒါလင်သည် ရုတ်တရက် လန့်သွားဟန်ပြုပြီးနောက် မည်သည့်စကားမျှ မဆိုဘဲ ဧကရီ့ကို တစ်ချက်ကြည့်၍သာ ထွက်သွားလေသည် ။ ထိုတွင် ဧကရီသည် သိသိသာသာပင် မျက်နှာပျက်ရသွား၏ ။

" ဟော...ဒါလင် ပြန်လာပြီ ။ နောက်ကျလိုက်တာ ဘယ်တွေသွားနေတာလဲဟင် "

မနက်က အစောကြီးထွက်သွားပြီး ညနေတွင် နေစောင်းချိန်မှ ပြန်လာသော ဒါလင့်ကို ဧကရီသည် ခြံအပေါက်ဝမှ ဆီးကြို၍ ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည် ။ ဒါလင်သည် ပင်ပန်းလာဟန် ရှိပြီး မျက်နှာမှာလည်း သိသိသာသာ နွမ်းနေ၏ ။ မနက်ကနည်းတူ ဧကရီ့ကို ခွန်းတုံ့ပြန်စကားမပြောဘဲ တစ်ချက်သာ ကြည့်၍ အိမ်ထဲ ဝင်သွားသော ဒါလင့်၏ကျောပြင်ကို လိုက်ကြည့်ရင်း ဧကရီ မျက်နှာညှိုးရပြန်သည် ။ ဒါလင် ယခုတလော ဤကဲ့သို့ ထွက်,ထွက်သွားသည်မှာ အကြိမ်ရေ စိတ်နေချေပြီ ။ ပြန်လာလျှင်လည်း နောက်ကျတတ်သည် ။ ဧကရီက 'ဘယ်ကိုသွားနေသလဲ' ဟု မေးလေတိုင်း ပြန်မဖြေတတ်ဘဲ ဧကရီ့ကို ရှောင်နေသည်မှာ အတန်ကြာချေပြီ ။ ဧကရီကလည်း သူ မပြောလျှင် မသိချင်သည့်သူမို့ အတင်းအကျပ် ပြောခိုင်းစေခြင်း မရှိခဲ့ပါ ။ ယခုကဲ့သို့ အိမ်က အထွက်နှင့် အိမ်ကို ပြန်အလာတို့တွင် ဒါလင်များ ပြောချင်စိတ် ရှိလာမလားဟူသော အတွေးနှင့် လက်မလျှော့ဘဲ အားတက်သရော မေးမြန်းနေရသည် ။ သို့သော်လည်း ယခုအထိ အရာမတွင်သေးပါ ။ ထို့ကြောင့် ဧကရီသည် အိမ်ဘက်ကို လှမ်းကြည့်ရင်းမှ သက်ပြင်းမော တစ်ခုကို ဆွဲချလိုက်မိသည် ။
ယခင်တစ်ချိန်တုန်းကကဲ့သို့ အရှုပ်အရှင်းကိစ္စများ ရှိနေသည်ဟု ဆိုရအောင်လည်း အရှင်တို့နှင့် အဆက်အသွယ် ပြတ်ခဲ့သည်မှာ တော်တော်ကြာနေသည့်အပြင် ထိုကဲ့သို့ ပြဿနာများ ရှိမနေပါ ။ ဂျိမ်းစ်တို့ ၊ မာရီယာတို့ဘက်နှင့် အဆင်မပြေဖြစ်နေသည်လားဟု တွေးရအောင်လည်း ထိုနေရာကို ဧကရီ့ထက် သူက ပိုပြီး မသွားချင်ဆုံးဖြစ်နေသည် ။ ဤသို့ဆိုလျှင် ဧကရီ့ကို ပြောမပြနိုင်လောက်သည်အထိ ဒါလင်သည် မည်သည့်ကိစ္စများကို လျှို့ဝှက်နေသနည်း ။ ထိုသည်က ဧကရီ စိတ်ထိခိုက်နိုင်မည့်ကိစ္စဖြစ်နေ၍လား ။ ဧကရီကတော့ ဤကဲ့သို့ လျစ်လျူရှုခံနေရခြင်းကိုပဲ ပို၍ စိတ်ထိခိုက်ပါသည် ။ ခက်ခဲသည့်အရာများကို သူ တစ်ယောက်တည်းပဲ ခေါင်းခံ၍ ရှင်းနေသည်လား မပြောတတ်ပါ ။ ထိုသည်က မည်သည့်ကိစ္စပင် ဖြစ်နေစေကာမူ ဒါလင် တစ်ခုခုဖြစ်မည်ကို ဧကရီ စိုးရိမ်သည် ။ အရင်တစ်ချိန်ကကဲ့သို့ အဖြစ်မျိုး ပြန်၍ရောက်မည်ကို ဧကရီ စိုးရိမ်သည် ။
ဧကရီသည် တွေးရင်း တွေးရင်းနှင့် အငိုလွယ်သူ တစ်ယောက်ဖြစ်သည့်အလျောက် မျက်ရည်တို့မှာ ဝေ့ဝဲလာရသည် ။ ကိုယ် ချစ်ရသည့်တစ်ဦးတည်းသော လူက မိမိကို လျစ်လျူရှုထားတော့ ပို၍ ဝမ်းနည်းရသည် ။ ဧကရီသည် မိမိ ဝမ်းနည်းနေသည်ကို ဒါလင် မြင်သွားလျှင် သက်သက်မဲ့ စိုးရိမ်သွားမည်စိုး၍ မျက်ရည်များကို မျက်တောင်ခတ် ဖယ်ရှားရင်း အပြုံးတစ်ခုကို ပြန်လည်ချိတ်ဆွဲကာ အိမ်ထဲသို့ ဝင်သွားလိုက်တော့သည် ။

LS : AMITYOù les histoires vivent. Découvrez maintenant