2 : 22

80 5 0
                                    

" ဧကရီ...တို့တွေ သွားကြစို့လေ "

မိန်းမပျိုကလေး၏အသံမှာ ငယ်ရွယ်မှုနှင့် လိုက်ဖက်စွာပင် တက်ကြွလန်းဆန်းလျက် ရှိလှသည် ။ ညနေ နေအေးချိန်တွင် ဧကရီတို့ မြို့ငယ်ကလေးမှာ ခါတိုင်းနေ့များထက် ထူးခြားစွာ အသက်ဝင်နေ၏ ။ မြို့ငယ်ကလေး၏လမ်းများမှာ သက်ကြီးသက်ငယ်မရွေး လူစုကလေးများနှင့် စည်ကားနေပြီး စကားသံများမှာလည်း သဲ့သဲ့ကလေး လှိုက်ခတ်နေသည် ။ ယနေ့ ဧကရီတို့မြို့ငယ်ကလေး၏ ဆုတောင်းပွဲနေ့သာ ဖြစ်၏ ။
ဧကရီ ခပ်သွက်သွက်ဖြင့် လှေကားထစ်များပေါ်က ပြေးဆင်းလာရင်း ခြံစည်းရိုးတိုကလေးများကို ကျော်ကြည့်တော့ သက်တူရွယ်တူ မိန်းမပျိုကလေးများမှာ လွန်စွာလှပလျက် ဧကရီ့ကို လှမ်းကြိုနေကြလေသည် ။ အရောင်တင်ထားသော မျက်နှာနုနုကလေးများနှင့် ဝတ်ဆင်ထားသော အရောင်စိုစိုကလေးများမှာ မြင်လိုက်သည်နှင့် နှစ်လိုဖွယ်ကောင်းလှသည် ။ တစ်ဦးလျှင် တစ်ခုစီ ကိုင်ဆွဲထားသည့် မီးပုံးကလေးများမှာလည်း အရောင်အမျိုးမျိုး ၊ ဒီဇိုင်းအမျိုးမျိုးနှင့် ဧကရီတို့ မြို့ငယ်ကလေးကို အရောင်မျိုးစုံနှင့် ခြယ်လှယ်နေလေသည် ။
ဧကရီသည် မြေကြီးနှင့်ထိလုနီးပါးဖြစ်နေသည့် နေဗီပြာရောင် စကပ်အရှည်ကြီး၏အနားစကလေးကို ဆွဲတင်လိုက်ရင်း ကိုယ်ပိုင်မီးပုံးကလေးကို ဆွဲကိုင်ကာ အိမ်ရှေ့သို့ တိမ်တိုက်ကလေးသဖွယ် ပေါ့ပါးစွာ ပြေးထွက်လာလေသည် ။ ထိုသည်ကို အခြားမိန်းမပျိုကလေးများက ချစ်စရာသဖွယ် ကြည့်ရင်း သဘောကျစွာ ပြုံးနေကြ၏ ။ ထို့နောက်တွင် ဧကရီတို့ မိန်းမပျိုအဖွဲ့ကလေးမှာလည်း မြို့လမ်းကလေးအတိုင်း လျှောက်ရင်း စကားတပြောပြောနှင့် ပွဲတော်ရှိရာသို့ ဦးတည်ခဲ့ကြလေသည် ။
ပွဲတော် ကျင်းပရာ ကုမုဒြာရေကန်ကြီးကို ရောက်ချိန်တွင် လူအများနှင့် စည်ကားနေပြီဖြစ်သည် ။ အမှတ်တရ ပစ္စည်းဆိုင်ကလေးများ ၊ စားသောက်ဖွယ်ရာဆိုင်ကလေးများနှင့် အရပ်မျက်နှာအဖက်ဖက်မှ ရောက်လာကြသော အရပ်သားတို့နှင့် ပွဲတော်သည် စောစီးစွာ စတင်နေလေပြီ ။ အချို့သော သက်ကြီးရွယ်များမှာတော့ ရေကန်စပ်တွင် ညပွဲတော်အတွက် နေရာယူ၍ နားနေကြပြီး လူငယ်လူရွယ်များမှာတော့ ရေကန်ကို ပတ်၍ စျေးဆိုင်တန်းများကို ငေးကြဆဲဖြစ်သည် ။ ဧကရီတို့ အုပ်စုကလေးသည်လည်း ရောက်သည်နှင့် အသီးသီး ယူလာကြသော မီးပုံးကလေးများကို နေရာချ၍ စျေးဆိုင်တန်းများဘက်သို့ အလည်ထွက်လာကြသည် ။ ဤပွဲတော်သည် အရွယ်ရောက်ပြီးသော မိန်းမပျိုများနှင့် အခြားအရွယ်ရောက်ပြီးသော ယောက်ျားပျိုကလေးများ အချင်းချင်း ရင်းနှီးအောင် ကြိုးစားကြသည့် ပွဲတော်ကလေးတစ်ခုလည်း ဖြစ်နေပုံမှာ အလွန်ချစ်စရာကောင်းလှသည် ။ ဧကရီတို့အဖွဲ့မှာလည်း ငယ်ရွယ်သူ မိန်းမပျိုကလေးများဖြစ်သဖြင့် အနီးအနား မြို့များမှ ယောက်ျားကလေးများက ရင်းနှီးအောင် စကားစမြည်လာပြောကြလေသည် ။ ပွဲတော်၏စားဖွယ်ဆိုင်ကလေးထဲတွင် ဧကရီနှင့်အတူလာသည့် အခြားမိန်းမပျိုများမှာ စကားဝိုင်းကိုယ်စီဖြင့် မိတ်ဆွေဖွဲ့နေကြချိန် ဧကရီမှာ ပွဲအချိန်မတိုင်ခင် အနီးအနားသို့ လည်ပတ်ချင်သေးသဖြင့် တိတ်ဆိတ်စွာ ဆိုင်ကလေးထဲမှ ထွက်လာခဲ့သည် ။
အပြင်တွင် မိုးကောင်ကင်မှာ အမှောင်ကျလုနီးပြီ ။ သို့သော် လူစည်ကားရာ ကန်ပတ်လမ်းတစ်လျှောက် ထွန်းညှိထားသော မီးတုတ်များနှင့် ပတ်ဝန်းကျင်မှာ ထိန်ထိန်လင်းနေ၏ ။ အသံမျိုးစုံနှင့် စည်ကားနေသော ပွဲကလေးမှာ တစ်နှစ်လျှင် တစ်ကြိမ်သာ ကျရောက်သောကြောင့် ပွဲတော်နေ့ဆိုလျှင် ဧကရီ အလွန်ပျော်လှသည် ။
ပွဲတော်အချိန်မှာ နီးကပ်နေပြီဖြစ်သောကြောင့် ဧကရီ ဝေးဝေးလံလံသို့ မသွားတော့ဘဲ အနီးအနားတွင်သာ လျှောက်ကြည့်နေရင်းက ပစ္စည်းဆိုင်တစ်ဆိုင်တွင် ခင်းကျင်းထားသည့် ပတ္တမြားဆံထိုးလေးကို မြင်တော့ သဘောကျစွာ ကောက်ကိုင်ကြည့်လိုက်မိသည် ။

LS : AMITYWhere stories live. Discover now