16 : 22

22 2 0
                                    

" ဟင်...သူတို့တွေ ဘာကိစ္စများ ရှိကြလို့လဲ "

ဧကရီသည် အိမ်နှင့်ခပ်လှမ်းလှမ်းနေရာမှ အိမ်၏ခြံဝင်းထဲတွင် လူတစ်ယောက်စ နှစ်ယောက်စ တွေ့သဖြင့် သူတို့ ရောက်လာသည့်အကြောင်းအရင်းအပေါ် တွေဝေသွားရသည် ။ အပြင်တွင် စားစရာများ သွားဝယ်ရင်းက အိမ်သို့ ဧည့်သည်ရောက်နေသည်နှင့် တူပါသည် ။ မြို့ထဲက မျက်မှန်းတန်းမိလူများလည်း ဖြစ်နေသဖြင့် ဧကရီ အိမ်ဆီသို့ ခပ်သွက်သွက် သွားလိုက်၏ ။

" လူကြီးမင်းတို့ ဘာကိစ္စနဲ့များ ရောက်လာကြသလဲ မသိဘူးရှင့် "

အိမ်အတွင်းပိုင်းကို လည်တရှည်ရှည်လုပ်၍ လှမ်းကြည့်နေသော လူနှစ်ယောက်သည် ဧကရီ၏အသံကို ကြားလျှင် သူခိုးလူမိသည့် ပုံစံဖြင့် အထိတ်ထိတ်အပြာပြာ လှည့်ကြည့်လာကြလေ၏ ။ ဧကရီသည် သူတို့၏မူမမှန်သည့် အပြုအမူများကို အကဲခတ်ရင်း စိတ်ထဲ လေးနေသည်ဟု ခံစားနေရသည် ။

" ဒီအိမ်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင် ရှိနေတယ်လေ "

လူတစ်ယောက် ပြောလာသည့်စကားကြောင့် ဧကရီ အံ့အားသင့်သွားရသည် ။ သူတို့ မည်သည့်ကိစ္စကို သိထားကြသနည်း ။

" ဟုတ်တယ် ။ အဲ့တာကြောင့် သူ့ကို နှင်ထုတ်ဖို့ ငါတို့တွေ လာခဲ့ကြတာ "

" ဘယ်လို...ငါတို့တွေ ဟုတ်သလား "

ဧကရီသည် အခြေအနေကို နားမလည်နိုင်စွာဖြင့် မေးခွန်းပြန်ထုတ်လေလျှင် ထိုလူနှစ်ယောက်သည် မျက်ခုံးသာပင့်ပြ၏ ။ ထိုအခါမှ သတိထား၍ အိမ်တံခါးမှတစ်ဆင့် အတွင်းပိုင်းသို့ လှမ်းကြည့်လိုက်လေလျှင် လူများ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည် ။ ထိုအချိန် ယခုအထိ သတိလစ်နေသေးသည့် တစ်စုံတစ်ယောက်ကို သတိရလျှင် ဧကရီ ရင်မောစွာဖြင့် လက်ထဲက အထုတ်များကို လွှတ်ချရင်း အိမ်အတွင်းပိုင်းသို့ ပြေးဝင်သွားမိ၏ ။

" ရှင်တို့တွေ ဘာလုပ်နေကြတာလဲ ။ ဒီမှာ ဘယ်မကောင်းဆိုးဝါးမှ မရှိဘူး "

ဧကရီ့ကို ကျောပေး၍ ဧည့်ခန်းတွင် စုရုံးနေကြသော လူအုပ်စုကြားတွင် ဧကရီသည် အော်ဟစ်၍ လူများကို တွန်းကာ အရှေ့ပိုင်းသို့ တိုးသွားမိသည် ။ အရှေ့ဆုံးသို့ ရောက်သွားချိန်တွင် ဧကရီရောက်လာသည်ကို သတိထားလိုက်မိသော ဂျိမ်းစ်နှင့် မာရီယာတို့က ဧကရီ့ကို ကြားညှပ်၍ ရှေ့ဆက်မတိုးစေရန် တားကြသည် ။

LS : AMITYWhere stories live. Discover now