19 : 22

23 2 0
                                    

" မိန်းကလေး ဒီဘက်ကို ကြွပါ "

ဂျက်ခ်၏လက်ချက်ကြောင့် သေတော့မည့်ဆဲဆဲ ဖြစ်သွားသည့်လူသည် ယခုတော့ ဧကရီတို့ကို လမ်းပြပေးနေနိုင်သွားသည် ။ ဧကရီ့ကို လိုက်ခဲ့ရန် ဖိတ်ခေါ်မှုကို ဧကရီ လက်ခံလိုက်ချိန်တွင် ဂျက်ခ်သည် သဘောမကျခဲ့ပါ ။ ဧကရီက မိမိတစ်ယောက်တည်း လိုက်သွားပါမည်ဟု ဆိုသော်လည်း လက်မခံပြန်ခဲ့ပါ ။ သို့သော် နောက်ဆုံးတွင်တော့ ဧကရီ့ကို အလျှော့ပေး၍ သူပါ အပါလိုက်ခဲ့ရလေသည် ။ ဤသို့နှင့် ထိုလူစိမ်းခေါ်ရာနောက် ဧကရီတို့နှစ်ဦး အတူလိုက်လာခဲ့ကြတော့ မှောင်ပိန်းနေသော အမှောင်ထုကြီး တစ်ခုထဲကို အရင်ရောက်သွားသည် ။ ထိုတွင် ဂျက်ခ်က သူ၏စွမ်းအားဖြစ်သော အပြာရောင်မီးလုံးများကို အသုံးပြုလျက် ပတ်ဝန်းကျင်ကို လင်းထင်းစေတော့ ပို၍အဆင်ပြေသွားသည် ။ ဤသို့နှင့် ဆက်လျှောက်လာလေတော့ သစ်သားတံတားအရှည်လေးတစ်ခုပေါ်ရောက်သွားပြီး ပတ်ပတ်လည်တွင် အနီရောင်မီးတောင်ကြီးများနှင့် ပူလောင်လှသော ချော်ရည်များက တသွင်သွင် စီးဆင်းနေကြလေသည် ။ သို့သော် ထူးဆန်းသည်က ဧကရီသည် ချော်ရည်များ၏အပူရှိန်ကို နည်းနည်းမျှပင် မခံစားရပါ ။ ဤသို့နှင့် တံတားပေါ်ကများ ပြုတ်ကျသွားလျှင် မိမိပါ လောက်ကျွမ်းသွားလေမလားဟု တွေးမိတော့ ကြက်သီးညင်းတို့ ထရ၏ ။ ထိုရှည်လျားသော သစ်သားတံတားလေးကို ဖြတ်လျှောက်ကြရာတွင် ချော်ရည်များ၏အရောင်ဖြင့် ပတ်ဝန်းကျင်က ထိန်ထိန်လင်းနေခဲ့သည် ။ ထိုမှ အတော်အကြာ ဆက်လျှောက်လာတော့ ဂူအကြီးကြီး တစ်လုံး၏အရှေ့သို့ ရောက်သွားလေ၏ ။ ဧရာမ ကြီးမားသောဂူကြီး၏အမြင့်ကို ဧကရီ မော့ကြည့်လိုက်လျှင် လည်ဂုတ်သာ ညောင်းသွားသည် အဆုံးကို မမြင်ရပါ ။ ဧကရီသည် မြင်မြင်သမျှ အရာအားလုံးကို ပါးစပ်ကလေး တဟဟဖြင့် တအံ့တသြ လိုက်ကြည့်နေသည့်တိုင် ဂျက်ခ်မှာတော့ မည်သို့မျှ မထူးဆန်းသည့်အတိုင်း မျက်နှာသေကြီးဖြင့်သာ တစ်လျှောက်လုံး နေနေခဲ့သည် ။ ထို့ကြောင့် ဧကရီ့ကိုများ စိတ်ဆိုးနေသလားဟု ဧကရီ ကြံကြံဖန်ဖန် တွေးမိသေး၏ ။
မကြာပါ ဧရာမဂူကြီး၏ဂိတ်တံခါးကြီးက တလိမ့်လိမ့် ပွင့်သွားလျှင် အထဲ၍ လင်းထိန်နေသော မီးတုတ်ကြီးများကို ထွန်းထား၍ တည့်တည့်သွားရသည့် လမ်းတစ်လမ်းရှိသေးသည် ။ ထိုလမ်း၏အောက်ဘက်တွင်တော့ ချောက်ကြီးကဲ့သို့ ဟောင်းလောင်းကြီး ဖြစ်နေ၏ ။ ထိုအရာကို လှမ်းကြည့်နေရုံနှင့်ပင် ဧကရီ ရင်တုန်မိသည် ။

LS : AMITYWhere stories live. Discover now