17 : 22

22 2 0
                                    

" စုန်းမ နင် အိမ်ထဲက ထွက်ခဲ့စမ်း "

" အခု ထွက်လာမလား ။ အိမ်ကို မီးနဲ့ ရှို့လိုက်ရမလား ဟမ် "

" စုန်းမ ငါတို့ခေါ်နေတယ် အခု ထွက်ခဲ့ "

မီးတုတ်များ တဝင်းဝင်းနှင့် တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြသော လူအုပ်ကြီး၏အသံများသည် ဧကရီ တောထဲသို့ ခပ်လှမ်းလှမ်း ရောက်နေသည့်တိုင်အောင် ခပ်သဲ့သဲ့ ကြားနေရ၏ ။ အိမ်ကို ပတ်ပတ်လည်ဝိုင်းနေသည့် မီးရောင်များကိုလည်း  လှမ်းမြင်နေရသေးသည် ။ ထိုကဲ့သို့ ကြေကွဲဖွယ်ကောင်းလှသော မြင်ကွင်းကို ဧကရီသည် နာကျင်မှုများစွာနှင့် အတန်ကြာ ငေးကြည့်နေမိ၏ ။ ယခင်အချိန်က ဖော်ရွေခဲ့ကြသော လူများသည် ယခုတွင်တော့ အဘယ့်ကြောင့် ဤကဲ့သို့ပြောင်းလဲသွားကြသနည်း ။ ဆရာမကြီးသာ ဧကရီ့ကို ဤကဲ့သို့ မလုပ်ခဲ့လျှင် ဤအကြောင်းအရာများ ဖြစ်ပေါ်လာဖို့ လမ်းစပင် ရှိမည်မဟုတ်ပါ ။ ယခုတော့... ။
ဧကရီသည် သူတို့တောထဲအထိ လိုက်မရှာသေးခင်အချိန်တွင် ဝေးနိုင်သမျှ ဝေးအောင်ပြေးထားရမည်ဖြစ်၍ အကြည့်များကို ခပ်မြန်မြန် လွှဲပစ်လိုက်ရင်း မှုန်ဝါးဝါး တောနက်ထဲသို့ ဆက်တိုးသွားမိသည် ။ ကျောပေါ်တွင် မိမိထက် ပိုသောလူတစ်ယောက်၏အလေးချိန်ကို ထမ်းထားရခြင်းက လိုသည်ထက် ပို၍ ပင်ပန်းသကဲ့သို့ ခရီးလည်း များများ မတွင်ပါ ။ မိမိကိုယ်တိုင်ကလည်း အားအင် သိပ်မရှိသည့်အချိန်ဖြစ်သည်ကြောင့် မောမောဟိုက်ဟိုက်ဖြင့် တစ်လှမ်းချင်း တောတိုးနေရသည် ။ တစ်ခါတစ်ရံ ဆူးနွယ်များက ဧကရီ့ကို ခြေထောက်ကို ကြမ်းတမ်းစွာ ဆွဲခြစ်လိုက်လျှင် နာကျင်မှုဓာတ်ကို တိုးတိတ်စွာသာ ညည်းညူနေရသည် ။ တောထဲသို့ ပိုနက်နက် ရောက်လာလေလေ ဧကရီ့ခြေထောက်များသည် ပို၍ သွေးအလိမ်းလိမ်း ဖြစ်လာသည်ကို ဧကရီ သတိထားမိသည် ။ လရောင်ပင် မတိုးနိုင်သော မှောင်ပိန်းနေသည့် တောထဲတွင် မည်သည့်နေရာ၌ အနားယူရမည်မှန်း ဧကရီ မသိပါ ။ သို့နှင့် အရှိန်ကို မလျှော့ဘဲ လူတစ်ယောက်ကို ထမ်း၍ ဆက်လျှောက်လာရင်းက ဧကရီ၏စိတ်ဓာတ်ကဲ့သို့ တောင့်မခံနိုင်တော့သော ခြေထောက်သည် အဆင်းတစ်ခုတွင် ခေါက်ခနဲ ဖြစ်သွားလျှင် တောင်စောင်းဟု ထင်ရသောနေရာမှ ဧကရီသည် ပစ်လဲ၍ အရှိန်ဖြင့် လှိမ့်ကျသွားသည် ။ အပတ်ပတ်အခါခါ လှိမ့်သွားသော ခန္ဓာကိုယ်၏အရှိန်ကြောင့် အခြားလူကိုပင် မစိုးရိမ်နိုင်သည့် အခြေအနေတွင် တစ်စုံတစ်ခုနှင့် အရှိန်ပြင်းပြင်း ဝင်တိုက်လိုက်မိသည့်အခါ အသွေးအသားအတွင်းထိ လှိုက်ခတ်သွားသည့် နာကျင်မှုဒဏ်ကို ခံစားရကြောင်း အသံထွက်၍ပင် မဖော်ပြနိုင်တော့ဘဲ အသိစိတ်နှင့်ခန္ဓာကိုယ် ဝေးကွာသွားရသည် ။ တစ်စုံတစ်ယောက်သည်တော့ မိမိကဲ့သို့ မဖြစ်စေဖို့ ဧကရီ ဆုတောင်းပြုမိသည် ။

LS : AMITYWhere stories live. Discover now