22 : 22

58 3 0
                                    

" ဟိုလေ...ဟီး ။ ဒီလက်စွပ်က တန်ဖိုးကြီးမှန်း သိပေမဲ့ ပြန်ပေးလို့ မရနိုင်တော့ဘူးထင်တယ် "

ပြုံးစိစိနှင့် အားတုံ့အားနာ ပြောလာသော ဧကရီ့ကို အရှင် အပါအဝင် ဂျက်ခ်ရောပါ ပြုံး၍ ကြည့်နေကြလေသည် ။ ပြန်ပေးပါမည်ဟု ပြောပြီးကာမှ မိမိ လုပ်ချင်သလို လုပ်လိုက်မိခြင်းအပေါ် ရှက်ရွံ့နေသည့် ဧကရီသည် သူတို့အမြင်တွင် ကလေးလေးတစ်ယောက်နှင့် တူနေ၏ ။

" ရပါတယ် အစကတည်းက ပြန်ယူဖို့ စိတ်ကူးမရှိခဲ့ပါဘူး ။ ဂုဏ်ပြုတဲ့ မေတ္တာလက်ဆောင်လို့သာ မှတ်လိုက်ကြပါ "

အရှင်၏စကားကြောင့် ဧကရီရော ဂျက်ခ်ပါ တစ်ယောက်နှင့်တစ်ယောက် တစ်ချက် လှည့်ကြည့်၍ ပြုံးလိုက်မိကြ၏ ။

" အဲ့ဒီလက်စွပ်ကို လုပ်တုန်းက တကယ် ခက်ခဲခဲ့တယ် ။ ချစ်ခြင်းမေတ္တာကို အခြေပြုပြီး လုပ်ခဲ့တဲ့ အရာမို့ အကြီးမားဆုံး စွမ်းအားဖြစ်တဲ့ စစ်မှန်တဲ့ ချစ်ခြင်းနဲ့ပဲ သူ့ကို အသက်ဝင်လာအောင် လုပ်နိုင်တာ ။ အခုတော့ မင်းတို့က အဲ့တာကို နှိုးထနိုင်ခဲ့ပြီလေ "

ဧကရီသည် လက်သူကြွယ်ပေါ်ရှိ စိန်ပွင့်ကလေးကို သေသေချာချာ ကြည့်လိုက်မိ၏ ။ ဤမျှ အဖိုးတန်လှသော အရာသည် မိမိနှင့် တန်ပါရဲ့လားဟု တွေးမိ၏ ။ တစ်ချိန်တည်းမှာပဲ လက်သွက်ကလေးကို ခက်ခက်ခဲခဲ ပြုလုပ်ပေးခဲ့သည့် အရှင့်အပေါ် အားနာမိသည် ။

" ဒါလင်...ရှင်တော့ တကယ် အပြစ်ကြီးတာပဲ "

လက်စွပ် ခိုးယူခဲ့သည့် အဖြစ်ကို သွယ်ဝှိုက်၍ ပြောလိုက်ခြင်းတွင် သူတို့ သုံးဦးစလုံး သဘောတကျနှင့် ရယ်လိုက်မိကြသည် ။ ယခုမှပဲ ဧကရီ ပျော်နိုင်ပါတော့သည် ။ လက်စွပ်ကလေး၏စွမ်းအားကြောင့် အရှင်က ဂျက်ခ်ကို အပြစ်ဒဏ်တွေကနေ တိမ်းလွတ်ခွင့်ပေးခဲ့သည် ။ ဤစွမ်းအားသည် သူတို့လို လူများကိုပင် ဦးညွှတ်စေနိုင်သည်ဟု ဆို၏ ။ ယခုတော့ ဂျက်ခ်လည်း အိမ်ပြန်လိုက်နိုင်လေပြီ ။

" မင်းတို့ရဲ့ စစ်မှန်တဲ့မေတ္တာတရားကြောင့် ဂျက်ခ် အပြစ်ဒဏ်က လွတ်သွားတယ်ဆိုပေမဲ့ ချစ်ခြင်းမေတ္တာရဲ့တန်ခိုးက သိပ်ကြောက်စရာကောင်းတယ် ။ ဧကရီက လူသားမို့ သူ့သက်တမ်းက တိုလွန်းတယ် ။ နောက်ဘဝတွေ ရောက်သွားလဲ ဂျက်ခ်ကို ဆက်ပြီး ချစ်နေနိုင်မှ ဒီစွမ်းအားက မြဲနေမှာ ။ အဲ့တာကြောင့် တစ်ခုတော့ မှတ်ထားပါ ။ ဧကရီ ဂျက်ခ်ကို မချစ်နိုင်တော့တဲ့တစ်နေ့ကျရင် ဂျက်ခ်ရဲ့ဘဝအဆုံးသတ်သွားလိမ့်မယ် "

LS : AMITYWhere stories live. Discover now