4 : 4

96 4 0
                                    

မျက်စိရှေ့က သစ်သားစားပွဲပေါ်တွင် တင်ထားသော ဘဲဥပုံသဏ္ဍာန် လက်ကိုင်မှန်ကြေးမှုံလေးကို ဧကရီသည် ဖြည်းညင်းစွာ ကောက်ကိုင်လိုက်သည် ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက တင်းတင်းရင်းရင်းနှင့် ဝါဝင်းနေခဲ့သော မိမိ၏လက်ကလေးသည် ယခုတော့ အားအင်ပင် လိုသည်ထက် မရှိတော့ဘဲ အရေတွန့်ကာ သွေးကြောများပင် ဖောင်းကြွနေလေပြီ ။ အချိန်သည် မည်မျှကုန်လွန် လွယ်ကြောင်းကို သတိပြုမိချိန်တွင် ဧကရီသည် သက်ပြင်းကို ဖွဖွချ၏ ။ ထို့နောက် ကြေးမှုံ၏မျက်နှာပြင်တွင် တဖြည်းဖြည်း ပုံရိပ်ပေါ်လာသော မိမိ၏မျက်နှာကို စေ့စေ့စပ်စပ် ကြည့်လေသည် ။ ယခုတော့ မဟော်ဂနီရောင် ပြေးနေခဲ့သည့် ဆံနွယ်များတွင်  အဖြူရောင် ဆံနွယ်များပါ ရောယှက်လာကာ ဦးရေသည် ပါးလာခဲ့လေပြီ ။ မျက်နှာတစ်ပြင်လုံးတွင် အချိန်၏သင်္ကေတတစ်ခုဖြစ်သော အရေးအကြောင်းများသည် သိသိသာသာ ထင်းနေခဲ့ပြီ ။ ငယ်ရွယ်ချိန်ကကဲ့သို့ မြင်ကွင်းကို ပြတ်သားစွာ မမြင်နိုင်တော့သော မျက်ဝန်းတစ်စုံတွင် တိမ်မျှင်များ ပြေးနေသယောင်ပင် ။ ကောင်းသည်ဟူ၍ မရှိတော့သော သွားများကလည်း ကြွေကျကုန်ကြသည်မှာ အနည်းငယ်သာ ကျန်တော့သည် ။ အချိန်သည် သိသိသာသာပင် ဧကရီ့ကို တိုက်စားသွားချေပြီ ။

" အဟွတ်...အဟွတ် "

ရောဂါဟူ၍ ဆိုးဆိုးဝါးဝါး မရှိသော်လည်း ရံဖန်ရံခါ ဖောက်ပြားတတ်သည့် ကျန်းမာရေးတွင် လည်ချောင်းပြဿနာလည်း ပါဝင်နေလေသည် ။ ဤအချိန်ဆိုလျှင် လေးလံသော ခန္ဓာကိုယ်သည် မောဟိုက်ရစမြဲ ဖြစ်၏ ။

" ဟန်နီ "

ဤအသံသည် တစ်ချိန်တည်းမှာပင် ဧကရီ၏မောဟိုက်မှုကို ပျောက်ပျက်စေသော ချိုမြိန်သည့်ဆေးတစ်မျိုးလည်း ဖြစ်ပေ၏ ။ ဧကရီ တစ်ခုခု ဟန်ချက်ပျက်ပြီဆိုလျှင် ရောက်သည့်အရပ်မှ အမြန်ဆုံး ဧကရီ့အနားသို့ ရောက်လာတတ်သော ဒါလင်သည် ဧကရီ့အတွက်တော့ ရောဂါခပ်သိမ်း ပျောက်ကင်းစေနိုင်သော အဖိုးတန်ဆုံး ဆေးဝါးပင် ဖြစ်လေသည် ။
ယခုလည်း အံ့သြစရာကောင်းလောက်အောင် ဧကရီ ရှိရာသို့ ချက်ချင်း ရောက်လာသူကို ဧကရီသည် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်မိ၏ ။ ဒါလင်ကတော့ ဧကရီ ပထမဦးဆုံး စမြင်ဖူးသည့်အချိန်ကနှင့် တစ်ပုံစံတည်းပါပင် ။ မျက်နှာအသွင်အပြင် ၊ အဝတ်အစား ၊ ခန္ဓာကိုယ်အချိုးအစားသာမက ဆံနွယ်များ၏အရှည်အတို ထူးခြားမှုပင် မရှိပါ ။ သူသည် ဧကရီနှင့် ဆန့်ကျင်စွာ ယခုအထိ ငယ်ရွယ်ပြီး သွက်လက်နေဆဲပင် ။ ဤကဲ့သို့ ဆိုပြန်တော့လည်း ပတ္တမြားဆံထိုးပိုင်သူ အရှင်ပြောခဲ့ဖူးသည့် 'လူသားတွေ သက်တမ်းက တိုလွန်းတယ်' ဟူသော စကားကို သတိရမိပါ၏ ။ အမှန်ပင် အခြားလူများ၏အမြင်၌ ဧကရီတို့နှစ်ဦးသည် မြေးအဘွားဆက်ဆံရေး ဖြစ်နေနိုင်၏ ။

LS : AMITYWhere stories live. Discover now