4 : 22

53 4 0
                                    

" ဧကရီ ။ ဧကရီ... "

" ဟင်...ဟုတ်ကဲ့ "

ဧကရီ အတွေးတိမ်ထဲ နစ်နေရင်းမှ ခေါ်သံကြောင့် အလန့်တကြားဖြင့် အနောက်သို့ လှည့်ကြည့်လိုက်မိသည် ။ ထိုသည်ကို မယ်ရီက ထူးဆန်းစွာ အကဲခတ်နေ၏ ။

" ဧကရီ ဒီနေ့ နေမကောင်းဘူးလားဟင် ။ မျက်နှာလည်း မကောင်းဘူး ။ စိတ်နဲ့ကိုယ်နဲ့လဲ မကပ်ဘူး"

" မဟုတ်ရပါဘူး ။ ကျွန်မ အဆင်ပြေပါတယ် မယ်ရီရဲ့"

ဧကရီ ပုံမှန်အတိုင်း ပြုံး၍ ဆိုလိုက်သော်လည်း မယ်ရီက မယုံသလိုဖြင့် ဧကရီ ချုပ်နေသည့် ဦးထုပ်ကို ကြည့်ရင်း...

" တကယ် အဆင်မပြေဘူးထင်တယ် ။ ဒီနေ့ အလုပ် စောစော နားချင်ရင် နားလိုက်ပါလား "

မယ်ရီက ဧကရီ ချုပ်နေသည့် ဦးထုပ်ကို ကြည့်ကာမှ ဧကရီလည်း အသိစိတ်ကပ်ပြီး မိမိ ချုပ်နေသည့် ဦးထုပ်ကို လိုက်ကြည့်မိသည် ။ ဦးထုပ်၏အနားသတ်များက မညီမညာ ဖြစ်နေသည့်အပြင် အပ်ပေါက်များကလည်း တစ်ပေါက်နှင့်တစ်ပေါက် ကွေ့ကောက်ကာ တစ်မိုင်လောက် ခြားနေ၏ ။ ဧကရီ ကိုယ့်ကိုယ်ကိုယ် အံ့အားသင့်သွားပြီး မယ်ရီ့ကို အားနာစွာဖြင့်သာ ရယ်ပြလိုက်မိသည် ။
ဧကရီသည် မယ်ရီ၏တိုက်တွန်းမှုအတိုင်း အလုပ်မှ စောစော ပြန်လာဖြစ်သည် ။ သို့မဟုတ်လျှင်လည်း ဧကရီ၏ စိတ်နှင့်ကိုယ် မကပ်ခြင်းကြောင့် ပစ္စည်းမည်မျှကို ဆက်၍ အမှားလုပ်မိမည်မှန်း ဧကရီ မသိ ။
သစ်ပင် အကြီးကြီးများ အုပ်ဆိုင်းကာ နေပြောက်ကလေးများ ကွက်ကြားကျနေသော မြို့ရိုးလမ်းကလေးအတိုင်း လျှောက်လာရင်းက ဧကရီသည် လက်သူကြွယ်ထက်ရှိ လက်စွပ်ကလေးကို မျက်မှောင်ကြုတ်၍ ကြည့်မိသည် ။ ထိုမင်္ဂလာပွဲသည် အမှန်တကယ် မဖြစ်တန်ရာ ။ ဂျိမ်းစ်ဆီမှလည်း မင်္ဂလာပွဲအကြောင်း မကြားရ ၊ မာရီယာ့ဆီကလည်း မကြားရ ၊ မယ်ရီ့ဆီကလည်း မကြားရ ၊ အသိမိတ်ဆွေများထံမှလည်း ဧကရီ လက်ထပ်ခြင်းနှင့်ပတ်သက်၍ တစ်စိုးတစိမျှပင် မကြားရချေ ။ ထိုသည်က အမှန်တကယ် အိမ်မက်ပင်လား ။ ထိုသို့ဆိုလျှင် ထိုထူးဆန်းသည့် ယောက်ျားကို မြင်နေရခြင်းသည် ဧကရီ၏စိတ်ကြောင့်သာ ဖြစ်လိမ့်မည်ထင်သည် ။ သို့သော် အတွေးရိပ်ကဲ့သို့ မဟုတ်ဘဲ သူ၏ထိတွေ့မှုများက အစစ်အမှန်ကဲ့သို့ ရှိလှသည် ။ ထိုသို့ တွေးနေလျက် ညဘက်တွင် ထိုယောက်ျား ဧကန်ပင် ထပ်မရောက်လာလျှင် ကောင်းမည်ဟု အတွေးကို အဆုံးသတ်လိုက်ရင်း ဧကရီ သက်ပြင်း ခပ်လွှလွှ ချကာ ဆက်လျှောက်လာခဲ့တော့သည် ။

LS : AMITYWhere stories live. Discover now